ပြဿနာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာရန် အန္တရာယ်ရှိနေသည်ဟုဆိုကာ ရခိုင်အရေး အကြံပေးကော်မတီမှ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း နုတ်ထွက်

ပြဿနာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာရန် အန္တရာယ်ရှိနေသည်ဟုဆိုကာ ရခိုင်အရေး အကြံပေးကော်မတီမှ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း နုတ်ထွက်
Published 22 July 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်သော ထိုင်းသံအမတ်ကြီးဟောင်းတစ်ဦးသည် ယင်းမှနေ၍ နုတ်ထွက်ကြောင်း ဇူလိုင် ၂၁ ရက်တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘင်္ဂါလီ မွတ်စလင် ၇၀၀,၀၀၀ ကို ထွက်ပြေးသွားစေခဲ့သည့် ပဋိပက္ခတစ်ရပ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခန့်ထားသည့် အဆိုပါဘုတ်အဖွဲ့သည် ပြဿနာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာရန် အန္တရာယ် ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အငြိမ်းစား ထိုင်းဥပဒေပြုအမတ်နှင့် သံအမတ်ကြီးဟောင်း ကော့ဆက်ချူတီကူးသည် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ ကို ထွက်ပြေးသွားစေခဲ့သည့် တပ်မတော် စစ်ဆင်ရေးတစ်ရပ်ပြီးနောက် မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို သူ၏ အစိုးရအဖွဲ့အား အကြံပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခန့်အပ်ထားသော ကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသည့် ဘင်္ဂါလီမွတ်စလင်တို့၏ ရွာများ လုံးဝပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဒုက္ခသည်များက အကြမ်းဖက်မှုများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများအကြောင်း သက်သေခံထွက်ဆိုခဲ့ကြပြီး ကုလသမဂ္ဂနှင့် အမေရိကန်တို့က လူမျိုးစု လိုက်သုတ်သင်မှုဟု အမည်တပ်ခဲ့သည်။

ကော့ဆက်ချူတီကူးက ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ သက်ဆိုင်ရာအာဏာပိုင်များနှင့်အတူ ၎င်းတို့ကော်မတီက ဒုတိယမြောက် အစည်းအဝေးတစ်ရပ် မကျင်းပမီ ၎င်း၏ တာဝန်ကို မထမ်းဆောင်နိုင်တော့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ပြီးခဲ့တဲ့အင်္ဂါနေ့ (ဇူလိုင် ၁၀ ရက်) အဖွဲ့ဝင်အစည်းအဝေးတစ်ရပ်မှာ နုတ်ထွက်ကြောင်းကို နှုတ်နဲ့ ပြောခဲ့ပြီးပါပြီ” ဟု ကော့ဆက်ချူတီကူးက ဘန်ကောက်မှ နေ၍ AFP သတင်းဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

သူက အဆိုပါဘုတ်အဖွဲ့သည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန် အန္တရာယ် ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

“လိုအပ်ချက်တွေအားလုံး ပြည့်မီအောင် သူတို့ လုပ်ပြီးပါပြီလို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်ဖို့ သူတို့ လုံလောက်အောင် လုပ်ပြီးပြီဆိုပြီး တွေးမိအောင် အာဏာပိုင်တွေကို ကော်မတီက နှစ်သိမ့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါဟာ ရောမမြို့ကြီး မီးလောင်နေတဲ့အချိန်မှာ သူတို့ တစ်စုံတစ်ရာ လုပ်တော့မယ်လို့...တစ်စုံတစ်ရာ လုပ်ပြီးပါပြီလို့ ဖြားယောင်းခြင်းအားဖြင့် အန္တရာယ်ရှိလာနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လူယုံ ဖြစ်ခဲ့ဖူးသူ ဝါရင့် အမေရိကန်သံတမန် ဘီရစ်ချက်ဆင် နုတ်ထွက်သွားခဲ့သောကြောင့် အဆိုပါကော်မတီသည် အစောပိုင်းကတည်းက ယုံကြည်ခံရမှု ကျဆင်းခဲ့ရပြီးဖြစ်သည်။ ဘီရစ်ချက်ဆင်သည် ဇန်နဝါရီလအတွင်းက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြင်းအထန် စကားများပြီး အဆိုပါကော်မတီမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရက ကော်မတီ၌ ဘီရစ်ချက်ဆင် ပါဝင်မှုကို အဆုံးသတ်ခဲ့ပြီးဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း ဘီရစ်ချက်ဆင်ကမူ ကော်မတီသည် ရခိုင်အရေး နှင့်ပတ်သက်၍ ဖြစ်ရပ်များကို ထုံးသုတ်ပေးရုံမျှသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် နုတ် ထွက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော့ဆက်ချူတီကူး၏ရုံးက ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ ကော့ဆက်၏ နုတ်ထွက်မှုသည် စိုးရိမ်မှုများကို နောက်ထပ်ကြီးထွားစေလိမ့်မည်ဟု ဆိုသည်။

သို့သော် ကော့ဆက်က AFP သတင်းဌာနသို့ ပြောကြားရာတွင် ရစ်ချက်ဆင်သည် အချိန်မတိုင်မီ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအနေဖြင့် ထင်မြင်သည်ဟု ဆိုသည်။

ကော့ဆက်က အဆိုပါကော်မတီ၏ စုစည်းမှုနှင့် ရန်ပုံငွေထောက်ပံ့ခံရမှု အားနည်းခြင်းသည် ယင်း၏ လုပ်ဆောင်ချက်ကို အပြင်းအထန် ချုံ့ခဲ့ရစေသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တကယ်တော့ အချက်အလက်နဲ့ စာရင်းဇယား အပြည့်အစုံ ဆုပ်ကိုင်မိတာမျိုး မဟုတ်ဘဲ လေထဲ ပျံသန်းခဲ့ရတာပါ။ လူတိုင်းဟာ ကြုံသလို လုပ်ခဲ့ရပါ တယ်။ ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ရုံးခန်းတစ်ခု ဘယ်မှာမှ မရှိပါဘူး” ဟု ကော့ဆက်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကော့ဆက်ချူတီကူး နုတ်ထွက်ခဲ့ခြင်း နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သို့မဟုတ် အဆိုပါကော်မတီမှ ယခုအထိ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးပေ။ (ကော့ဆက်ချူတီကူး နုတ်ထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ Daily Eleven သတင်းစာကလည်း နိုင်ငံ တော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ တုံ့ပြန်မှု ရရှိခဲ့ခြင်းမရှိပေ)

ကော့ဆက်ချူတီကူးက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် ခရစ္စတင်းရှနာဘာဂျန်နာကိုသာ ဝန်းရံသင့်ကြောင်းနှင့် လက်ရှိအနေအထားများ၌ ခရစ္စတင်းကသာ အကောင်းဆုံးမျှော်လင့်ချက်ကို ပေးလိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။