<

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အေးရွာအနောက်ပိုင်းရှိ သင်္ချိုင်းအား သက်ဆိုင်ရာက ဖျက်သိမ်းရွှေ့ပြောင်းမည်ကို ဒေသခံများ ကန့်ကွက်တားဆီး

သင်္ချိုင်းမြေ ပြောင်းရွှေ့မှုအပေါ် ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ အေးရွာအနောက်ပိုင်းရှိ သင်္ချိုင်းအား သက်ဆိုင်ရာက ဖျက်သိမ်းရွှေ့ပြောင်းမည်ကို ဒေသခံများက သဘောမတူ ကန့်ကွက်ခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် အဆိုပါ သင်္ချိုင်းရှေ့၌ ပိတ်ဆို့တားဆီးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများက သင်္ချိုင်းအား ပြောင်းရွှေ့ရန်အတွက် ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီတွင် သွားရောက်ခဲ့ကြပြီး ဒေသခံများက ပွင့်လင်းမြင်သာမူ မရှိခြင်းနှင့် ၎င်းတို့ဆန္ဒမပါဘဲ တစ်ဖက်သတ် လုပ်ဆောင်သည် ဟုဆိုကာ သင်္ချိုင်းသွားသည့် လမ်းပေါ်တွင် တားဆီးကန့်ကွက် ခဲ့ကြသည်။

ထို့ပြင်ဒေသခံများက သင်္ချိုင်းမရွှေ့ပြောင်းရေး ရပ်ကွက်နေပြည်သူများ ထိခိုက်မည့်လုပ်ရပ်အား မလုပ်ကိုင်ရေး၊ သင်္ချိုင်းအသစ် ဖျက်သိမ်းပေးရေးတို့ကို ကြွေးကြော်တောင်းဆို ခဲ့ကြသည်။

“ဒီနေရာမှာ နှစ်ပေါင်း ၂၀၀ ကျော်အထိ ဒေသခံတွေ မီးသင်္ဂြိုဟ် မြေချတာတွေ လုပ်လာတာ။ အခုမှ ပိုင်ရှင်ဆီ ပြန်ဝယ်ထားတယ်။ ဖျက်သိမ်းမယ်ဆိုပြီး အကြောင်းကြားလာတယ်။ အဲဒီပိုင်ရှင်ဆိုတာ ဟိုးအရင်ကတည်းက မြေအစား ပြန်ရပြီးသား။ မြို့နယ်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ အစည်းအဝေး လုပ်ကတည်းက လက်ခံသဘောမတူပါဘူးလို့ ပြောထားပြီးသား။ အခုက အတင်းအကျပ်လုပ်ဖို့ လုပ်ဆောင်နေတာ။ သူတို့အသစ်လုပ်ပေးတဲ့ သင်္ချိုင်းက မြေနေရာကျဉ်းတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ရှင်းရှင်းပြောရရင် စီးပွားရေးသမားကို ဒီမြေရောင်းစားဖို့ လုပ်ဆောင်နေတာ။ အတင်းအကျပ် လုပ်လာရင် တရားဥပဒေအရ သင်္ချိုင်းရှေ့ နေ့ညမပျက် ပိတ်ဆို့တားဆီးသွားမယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ အေးရွာနေ ဒေါ်ညွန့် (ခ) ဒေါ်အေးကြွယ်က ပြောကြားသည်။

ဒေသခံများ ပိတ်ဆို့တားဆီးထားသဖြင့် သက်ဆိုင်ရာက ညနေ ၅ နာရီနောက်ပိုင်းတွင် မလုပ်ဆောင်တော့ဘဲ ပြန်လှည့်ဆုတ်ခွာခဲ့ပြီး ယင်းသင်္ချိုင်းမြေ၏ မူလပိုင်ရှင်က မြေပြန်လည် ရလိုကြောင်း လျှောက်ထားခဲ့သဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“မူလမြေပိုင်ရှင်က ဟိုးယခင်ကတည်းက ဒီမြေကို သင်္ချိုင်းမြေလုပ်ပေးဖို့ ယာယီလှူခဲ့တာ ဖြစ်ပါတယ်။ ဟိုးအရင် သင်္ချိုင်းမြေက ကမ်းပြိုသွားတဲ့အတွက် အေးရွာရှေ့နောက် ကျောင်းတိုက်ဆရာတော် နှစ်ပါးက အလှူခံခဲ့တာလို့ သိရတယ်။ အခုသူက သက်ဆိုင်ရာကို ပြန်လျှောက်တော့ ပြန်ရတယ်လို့ သိရတယ်။ အခုက မြို့နယ်၊ ခရိုင်၊ တိုင်းညွှန်ကြားမှုအရ ကျွန်တော်က ပူးပေါင်းကူညီ ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ မြို့နယ်နဲ့ ရပ်ကွက်မှာ အစည်းအဝေးလုပ်တယ်။ ရပ်ကွက်နေ ပြည်သူတွေကိုလည်း ဖိတ်ပါတယ်။ ဒီနေ့ဖြစ်စဉ်ကို မြို့နယ်ကို သတင်းပို့တော့ ရုပ်သိမ်းဖို့နဲ့ ပြန်ညှိနိုင်း လုပ်ဆောင်ဖို့ အကြောင်းကြားပါတယ်။ တကယ်တော့ ဒီသင်္ချိုင်း အဟောင်းရော အသစ်ရောသည် ယာယီတွေသာ ဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုဘက်က သင်္ချိုင်းပြီးသွားခဲ့ရင် အားလုံးက အဲဒီမှာပဲ နာရေးကိစ္စတွေ လုပ်ဆောင်ရမှာပါ” ဟု အေးရွာအနောက် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

ဒေသခံများကမူ လက်ရှိသင်္ချိုင်းမြေ နေရာအား စီးပွားရေးသမား တစ်ဦးက ၀ယ်ယူထားပြီး သင်္ချိုင်းသစ် လုပ်ဆောင်ပေးထားသည်မှာ မြေနေရာကျဉ်းလွန်း၍ သင်္ချိုင်းအင်္ဂါရပ်နှင့် မညီကြောင်းနှင့် သင်္ချိုင်းအဟောင်းသာ အသုံးပြုလိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုကြောင်း ပြောကြားသည်။

အဆိုပါ သင်္ချိုင်းမြေအား ရွှေ့ပြောင်းရန်အတွက် ယခင်က လုပ်ဆောင်ခဲ့မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

 

July 21, 2018














Copy Protected by Chetan's WP-Copyprotect.