ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မိုးများပြီး တောင်ပေါ်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မိုးများပြီး တောင်ပေါ်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားနိုင်
Published 22 July 2018

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်း-မင်းကွန်းလမ်း ပါဠိကာရီသုံးခွကျောင်း အုတ်တံတိုင်း လမ်းမပေါ်ပြိုကျနေသည်ကို ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မိုးများပြီး တောင်ပေါ်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မုန်တိုင်းကြောင့် မိုးလိုက်လာမယ်။ အခု လောလောဆယ်လည်း မုတ်သုံက အားကောင်းနေတယ်။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကတော့ ရေတက်လာမယ်။ မိုးက သုံးလေးငါးရက်လောက် ဆက်ရွာမယ်ဆိုရင်တော့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမယ့် အန္တရာယ်ကို သတိပြုသင့်တယ်။ မုန်တိုင်းက အိန္ဒိယကမ်းကိုပဲ ဝင်သွားမှာဖြစ်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီ မုန်တိုင်းသတင်းထုတ်ပြန်ချက်တွင် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခုအဖြစ် ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ဘလာဆော (Balasore) မြို့၏ အရှေ့-အရှေ့တောင်ဘက် ၆၆ မိုင်ခန့်၊ ဒီဂါ(Digha) မြို့၏ တောင်-အရှေ့တောင် ဘက် ၄၆ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။ ထို့ပြင် မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၄၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ် (Depression)သည် အနောက်အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး ဇူလိုင် ၂၁ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေမြောက်ပိုင်း ဘလာဆော (Balasore) မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၄ ပေခန့်ရှိနိုင်သဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ဇူလိုင် ၂၂ ရက် မိုးရွာသွန်းနိုင်မှုအခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင် ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။