သထုံမြို့တွင် လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံး

သထုံမြို့တွင် လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံး
Published 22 July 2018

လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျခဲ့သည့် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ်(၁)လမ်းရှိ အခင်းဖြစ်နေရာ

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ် (၁) လမ်းတွင် ဇူလိုင် ၂၀ ရက် ည ၈ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်၊ သစ်ကိုင်းများ လဲပြိုကျ၍ လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ (ဇူလိုင် ၂၀ ရက်) ညက လေဆင်နှာမောင်း တိုက်တဲ့အချိန်၊ ကလေးတွေက ကျူရှင်က ပြန်တဲ့အချိန်မှာ သစ်ကိုင်းတစ်ကိုင်းက ကျိုးကျပြီးတော့ လျှပ်စစ်မီးကြိုးပေါ် ပြုတ်ကျတဲ့အချိန်မှာ လေကလည်း တိုက်နေတော့ ကလေးကို သွားပတ်မိသလို ဖြစ်သွားတာ။  ဖြစ်စဉ်ကတော့ အဲဒီလောက်ပါပဲ။ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ကလေးက မဇွန်ဖူးဝေပါ။ အသက်က ၁၂ နှစ်ပါ။ ခုနစ်တန်းကျောင်းသူ ဖြစ်ပါတယ်။ အ.ထ.က (၃) ကျောင်းမှာ ကျောင်းတက်နေသူပါ” ဟု နန်းခဲရပ်ကွက် (၁) လမ်းနှင့် (၂) လမ်း ရာအိမ်မှူး ဦးစောလွင်က ပြောကြားသည်။

“ကျွန်တော်တို့ အပိုင်းမှာက ဓာတ်တိုင်တွေ ဟောင်းနေတာ။ မီးကြိုးတွေ ဆွေးနေတာတွေ ရှိနေပါတယ်။ တခြားလမ်းမှာ ဆိုရင်လည်း ဓာတ်တိုင် ခြောက်တိုင်လောက် လိုအပ်နေတာတွေ ရှိနေပါတယ်။ တချို့နေရာတွေမှာ သစ်သားတိုင်တွေနဲ့ ထူထားတာတွေလည်း ရှိနေပါတယ်။ ဓာတ်တိုင်အသစ်တွေ လဲပေးမယ်။ မီးကြိုးအသစ်တွေ ဆွဲပေးမယ် ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်” ဟု ဦးစောလွင်က ဆက်လက်ပြောကြားသည်။

“သူတို့သူငယ်ချင်းသုံးယောက် ကျူရှင်က ပြန်လာတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတယ်။ သစ်ကိုင်းတစ်ကိုင်းက ဓာတ်မီးကြိုးပေါ် ကန့်လန့်ကျတော့ ရှော့ခ်ဖြစ်ပြီး မီးကပွင့်နေတယ်။ ပြီးမှ မီးလောင်ပြီး ပြတ်ကျတဲ့ သဘောပါ။ အဲဒီမှာ ကလေးသုံးယောက်မှာ တစ်ယောက်က သူ့အိမ်ရှေ့ ရောက်နေပြီဆိုတော့ အိမ်ထဲကို ဝင်ပြေးတယ်။ တစ်ယောက်က လမ်းမအတိုင်း ပြေးလာတယ်။ မဇွန်ဖူးဝေက ဘေးကို ပြေးရှောင်တာ၊ သူရှောင်တဲ့ဘက်ကိုမှ မီးကြိုးက ပြတ်ကျတာ ဖြစ်ပါတယ်။ မီးကြိုးက ကြေးကြိုးဆိုတော့ ပြတ်ကျတဲ့အခါမှာ အတန်းလိုက်မကျဘဲ ကွေးပြီးကျတော့ ကလေးကို ပတ်မိသလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကလေးက ကြောက်လန့်ပြီး ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်ထားတော့ ကျွန်တော် သွားခွာတဲ့ အထိကို ဆုပ်ကိုင်လျက်သား ဖြစ်နေတယ်” ဟု ဓာတ်လိုက်သေဆုံးသူ မဇွန်ဖူးဝေ၏ အဘိုးလေး တော်စပ်သူ ဦးလှဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဓာတ်ကလိုက်နေတော့ ချက်ချင်းလည်း ဝင်လို့မရဘူး။ ကျန်တဲ့လူတွေလည်း ဘယ်သူမှ မဝင်ရအောင် တားထားပြီးတော့မှ လျှပ်စစ်ဌာနလိုင်းမင်းက ထရန်စဖော်မာ မိန်းသွားချပြီးမှ ကိုင်လို့ရပြီ ဆိုတော့မှ ကျွန်တော်ကိုယ်တိုင်ပဲ ကလေးကို ပွေ့ပြီးတော့ သုံးဘီးဆိုင်ကယ်နဲ့ဆေးရုံကို တင်ခဲ့ပါတယ်။ အားလုံးကြာချိန်က ၁၇ မိနစ်လောက်ပဲရှိမယ်။ ကလေးကတော့ ပျော့နေပြီ။ ဆေးရုံရောက်သွားတော့ ကလေးကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးပါတယ်” ဟု ပြောကြားသည်။

“အဆောက်အအုံတွေ ပျက်သွားတယ် ဆိုတာက ပြန်လည်ပြုပြင်လို့ ရပါတယ်။ လူတစ်ယောက်ရဲ့အသက် ဆိုတာက ပြန်လည် အစားထိုးလို့မှ မရတာ။ နောက်တစ်ခုက ဒီရပ်ကွက်တွေထဲမှာ ရှိနေတဲ့ မီးကြိုးတွေက ကာဗာမရှိဘူး။ မီးကြိုးပြတ်ကျတော့ ကလေးပေါ်ကိုကျပြီး ပတ်မိသလို ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါက ကံတရားကြောင့်လို့ ပြောလို့ရပေမဲ့ ဘာပဲဖြစ်ဖြစ် အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူတစ်ယောက် ဒီလိုမျိုး သေဆုံးသွားတယ် ဆိုကတည်းက တာဝန်အရှိဆုံးက အစိုးရပါပဲ။ ကိုယ်စားတစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ မနက်က ကလေးမလေးရဲ့ အိမ်ကိုသွားပြီး အားပေးနှစ်သိမ့်တာတွေ လုပ်ပေးခဲ့ပါတယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ဒီဖြစ်စဉ်က နောက်နောင်ဒါမျိုး မဖြစ်ရလေအောင် အစိုးရကို သတိပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါမျိုးဖြစ်စဉ်တွေ ရှိနေတယ်။ ဒီလိုမျိုး ဟောင်းနွမ်းနေတဲ့ မီးတိုင်တွေ၊ ဒီလိုမျိုး ဆွေးမြည့်နေတဲ့ မီးကြိုးတွေ ရှိနေတယ်။ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ် ဆိုတာကို အစိုးရကို သတိပေးလိုက်တာနဲ့ တူပါတယ်။ အစိုးရ အနေနဲ့လည်း ဒါတွေကို အထူးဂရုပြု အလေးထားဖို့ ပိုပြီးလိုအပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောကြားသည်။

မဇွန်ဖူးေ၀ သေဆုံးသွားမှုနှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၈) ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၀ ရက် ညပိုင်းက လေပြင်း တိုက်ခိုက်မှုများကြောင့် သထုံမြို့ နန်းခဲရပ်ကွက်အတွင်း လူနေအိမ် လေးလုံး၊ မြေနီကုန်းကျေးရွာတွင် နေအိမ်သုံးလုံး အမိုးလန်ပျက်စီးခြင်း၊ လိပ်အင်းရပ်ကွက်၊ နွားထောင်လမ်းရှိ စိန်ကုန်းကျောင်း အ.မ.က ကျောင်းတွင် အခန်း ငါးခန်းပါ စာသင်ဆောင် တစ်ဆောင်၌ အခန်း လေးခန်းမှာ သွပ်၊ ဒိုင်း၊ မြားများ ပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent