အမေရိကန်ဆရာဝန်များ ပါဝင်သောအဖွဲ့က မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသ ပေးလိုကြောင်း အဆိုပြု

အမေရိကန်ဆရာဝန်များ ပါဝင်သောအဖွဲ့က မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသ ပေးလိုကြောင်း အဆိုပြု
Published 22 July 2018

အမေရိကန်နိုင်ငံ ဆရာဝန်များပါဝင်သောအဖွဲ့က ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသခြင်း၊ ခွဲစိတ်ကုသစဉ် ကာလအတွင်း မြန်မာဆရာဝန်များကို လေ့ကျင့် သင်ကြားပေးခြင်းတို့ကို ပြုလုပ်လိုကြောင်း Samaritan’s Purse အဖွဲ့က အဆိုပြုထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၁၉ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံ အခြေစိုက် Samaritan’s Purse အဖွဲ့မှ Program Manager Dr.Tharanga Diyunugala နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ Samaritan’s Purse အဖွဲ့အနေဖြင့် ၂၀၀၈ ခုနှစ်၊ နာဂစ်ဆိုင်ကလုန်းဒဏ် ကျရောက်ပြီးနောက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး၂၀၁၅ ခုနှစ်မှစ၍ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး လုပ်ငန်းများ၊  အရန်သားဖွား ဆရာမများကို လေ့ကျင့်မွေးထုတ်ခြင်း လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် အသက်ငါးနှစ်အောက် ကလေးများကို အာဟာရ ပြည့်ဝစေရေးအတွက် အဏုအာဟာရ၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်များအား ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲများထံမှတစ်ဆင့် ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို ကျန်းမာရေး  ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများကို အခြားမြို့နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်ကြောင်း ပြောကြားသည်။

ထို့ပြင် အမေရိကန်နိုင်ငံမှ ဆရာဝန်များ ပါဝင်သောအဖွဲ့က ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးခြင်းနှင့် ထိုသို့ခွဲစိတ် ကုသနေစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ ဆရာဝန်များကို လေ့ကျင့်သင်ကြား ပေးခြင်းတို့အား ပြုလုပ်လိုကြောင်း ပြောကြားသည်။

ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ အကူအညီများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ၏ လုပ်ငန်းအမျိုးအစား၊ ဆောင်ရွက်နေသည့် နေရာဒေသတို့အား ဖော်ပြထားသည့် အခြေပြစာအုပ် (INGOs Profile) ကို ပြုစုထုတ်ဝေသွားမည် ဖြစ်ကြောင်း၊ Samaritan’s Purse အဖွဲ့အနေဖြင့် အခြားမြို့နယ်များတွင် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမည့် အစီအစဉ်တို့ကို ကြိုဆိုကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ် အစီအစဉ်ကို ဝန်ကြီးဌာနသို့ တင်ပြ၍ ညှိနှိုင်းဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။