လှိုင်သာယာမြို့နယ်တွင် အရက်မူးလာသည့်ခင်ပွန်းအား ဇနီးက ဓားဖြင့်ထိုးသတ်မှု အပါအဝင် တစ်နေ့တည်း လူသတ်မှုနှစ်ကြိမ်ဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အရက်မူးလာသည့်ခင်ပွန်းအား ဇနီးက ဓားဖြင့်ထိုးသတ်မှု အပါအဝင် တစ်နေ့တည်း လူသတ်မှုနှစ်ကြိမ်ဖြစ်ပွား
Published 21 July 2018

လှိုင်သာယာမြို့နယ်တွင် အရက်မူးလာသည့်ခင်ပွန်းအား ဇနီးဖြစ်သူက ဓားဖြင့်ထိုး သတ်မှုအပါအဝင် တစ်ရက်တည်း လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၀ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီခန့်တွင် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းနေ ကို....(၃၇ နှစ်)သည် အရက်မူးပြီး ပြန်လာကာ နေအိမ် အိမ်တိုင်အား သစ်သားတုတ်ဖြင့်ရိုက်စဉ်တိုင်မှ သစ်သားတုတ် ပြန်ကန်ပြီး အသက်ကိုးနှစ်အရွယ်သမီးဖြစ်သူ၏ ဦးခေါင်းအား ထိမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ထိမိသဖြင့် ကို....(၃၇ နှစ်) နှင့် ၎င်း၏ဇနီးဖြစ်သူ မ....(၃၇ နှစ်) တို့မှာ စကားများရန်ဖြစ်ကာ မ....(၃၇ နှစ်) မှ မီးဖို ချောင်သုံးဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသဖြင့် ကို....(၃၇ နှစ်) မှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ လှိုင်သာယာဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ မ...(၃၇ နှစ်) အား လှိုင်သာယာမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် (၅) ရပ် ကွက်၌ အမျိုးသားနှစ်ဦး အရက်အတူထိုင် သောက်ရာမှ စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသဖြင့် ဦး...မှာ ထွက်ပြေးစဉ် သီရိဇေယျာလမ်းနှင့် မြရိပ်ညိုလမ်းထောင့်ရှိ မြေကွက်လပ်နေရာ၌ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကို....(၃၃ နှစ်) အား လှိုင်သာယာမြို့မရဲစခန်းက  ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent