ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကြိုးပမ်းခဲ့သည့် စည်းလုံးညီညွတ်သောနိုင်ငံ၊ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကြိုးပမ်းခဲ့သည့် စည်းလုံးညီညွတ်သောနိုင်ငံ၊ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
Published 20 July 2018

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကြိုးပမ်းခဲ့သည့် စည်းလုံးညီညွတ်သောနိုင်ငံ၊ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ရန်အတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဇာနည်နေ့ အောက်မေ့ဖွယ် ဂုဏ်ပြုစကား ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဇာနည်နေ့ အောက်မေ့ဖွယ် ဂုဏ်ပြုစကားကို မီဒီယာတချို့အား ပြောကြားထားသည့် ရုပ်သံဖိုင်ကိုလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသည်။

“ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်တွေ ကြိုးပမ်းအားထုတ်ခဲ့တဲ့ စည်းလုံးညီညွတ်တဲ့နိုင်ငံ၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင်လို့ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ ကျွန်တော် မြင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာအချို့ကို ပြောကြားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တစ်ချက်ကတော့ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာကို တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဘယ်လိုလုပ်မလဲ၊ တိုင်းပြည်စည်းလုံး ညီညွတ်အောင် ဘယ်လိုလုပ်ကြရမလဲ ဒါကို ကြိုးစားရမှာ။ အသိစိတ်ဓာတ်ရှိရှိနဲ့ လုပ်ကြဖို့အတွက် လိုတာပေါ့။ တစ်ယောက်တစ်ပေါက် လုပ်နေလို့ မသင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

“အားလုံးငြိမ်းချမ်းရင် ဘာပဲဖြစ်ဖြစ် တိုးတက်မှာပါပဲ။ သူများနိုင်ငံနဲ့ ယှဉ်ကြည့်ပေါ့ ဒါယှဉ်ကြည့်ပြီး ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ စဉ်းစားဖို့လိုပါတယ်။ နောက်တစ်ခုကလည်း အားလုံးညီညွတ်တဲ့ စိတ်မျှတတဲ့ စိတ်လည်းရှိဖို့ လိုတာပေါ့။ မျှမျှတတ မဟုတ်ဘဲနဲ့ ငါထင်တာပဲ ငါအတင်းလုပ်နေမယ် ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့တော့ ထင်တယ်လေ” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်၌ ကျင်းပသည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent