ရန်ကုန်တိုင်းအတွင်း ငလျင်အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တပ်ခွဲတစ်ခွဲ၊ တပ်စုသုံးစု၊ တပ်ဖွဲ့အင်အား ၁၁၆ ဦးဖြင့် ပြင်ဆင်ထား

ရန်ကုန်တိုင်းအတွင်း ငလျင်အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တပ်ခွဲတစ်ခွဲ၊ တပ်စုသုံးစု၊ တပ်ဖွဲ့အင်အား ၁၁၆ ဦးဖြင့် ပြင်ဆင်ထား
Published 20 July 2018

ရန်ကုန်တိုင်းအတွင်း ငလျင်အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ခွဲတစ်ခွဲ၊ တပ်စုသုံးစု၊ တပ်ဖွဲ့အင်အား ၁၁၆ ဦးဖြင့် ပြင်ဆင်ထားကြောင်း မီးသတ်ဦးစီးဌာနမှ ဦးမျိုးဝင်းက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာရင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ တပ်ခွဲတစ်ခွဲ၊ တပ်စုသုံးစု၊ တပ်ဖွဲ့ဝင်အင်အား ၁၁၆ ဦး ပါဝင်တဲ့ တပ်ခွဲအဆင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားပါက ရှာဖွေကယ်ဆယ်ရေး အဆင့်ငါးဆင့် သတ်မှတ်ထားကြောင်း အဆင့် ၁ အနေဖြင့် ငလျင်ဘေးအန္တရာယ် ထိခိုက်ခံရသော ဧရိယာ၏အခြေအနေ၊ တည်နေရာနှင့် အခြားဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်မှု ရှိ မရှိ သိရှိနိုင်ရန်အတွက် Drone အသုံးပြု၍ ငလျင်ဘေးအန္တရာယ် ထိခိုက်ခံရသော ဧရိယာ၏ ပျက်စီးမှုအခြေအနေနှင့် သတင်းအချက်အလက်များရယူခြင်း၊ မြေပြင် GPS အသုံးပြုပြီး ဘေးအန္တရာယ်ဖြစ်ပွားသော ဧရိယာ၏ လောင်ဂျီတွဒ်၊ လတ္တီတွဒ်များ ရယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆင့် ၂ အနေဖြင့် ရရှိသော သတင်းအချက်များပေါ်မူတည်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မည့် Sector များ ပိုင်းခြားသတ်မှတ်ကာ ဘေးအန္တရာယ် လုံခြုံမှုလုပ်ငန်းများအား Leader Sentry အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မည့် ဧရိယာအတွင်းရှိ အဆောက်အအုံများ တည်ငြိမ်မှု ရှိ မရှိ၊ ထပ်မံရွေ့လျား ပြိုကျနိုင်မှု ရှိ မရှိ ထောက်လှမ်းခြင်း၊ Gas Detector အသုံးပြုပြီး မီးလောင်နိုင်သော ဓာတ်ငွေ့များ၊ အဆိပ်အတောက်ဖြစ်စေနိုင်သော ဓာတ်ငွေ့များ ရှိ မရှိ ထောက်လှမ်းခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆင့် ၃ အနေဖြင့် ဘေးဒုက္ခရောက်ရှိသော မျက်မြင်လူနာများအား ဦးစားပေး အဆင့်အတန်းအလိုက် ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ ပိတ်မိနေသော လူနာများအား ရှာဖွေခြင်းနှင့် အသက်ကယ်ဆယ်ခြင်းများအား ထိခိုက်ဒဏ်ရာ ရရှိသော မျက်မြင်လူနာများကို ၎င်းတို့၏ ဒဏ်ရာရရှိမှု အခြေအနေပေါ်မူတည်ပြီး အရောင်လေးမျိုး သတ်မှတ်ကာ ဦးစားပေး အဆင့်အတန်းအလိုက် ဘေးကင်းရာသို့ သယ်ယူရွှေ့ထုတ်ပြီး ဆေးကုသခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆင့် ၄ သည် အဆင့် ၃ ဆောင်ရွက်ပြီးနောက် ပြိုကျပျက်စီးနေသော အဆောက်အအုံများအတွင်း ပိတ်မိနေသောလူနာများ ထပ်မံကျန်ရှိမှုရှိမရှိ သေချာစေရန် ဧရိယာတစ်ခုလုံးအား Leader Hasty၊ TIC များ အသုံးပြုကာ ရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အလင်းရောင် မလုံလောက်သောနေရာများနှင့် ညအချိန်များတွင် ရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ရန် Area Lighting များဖြင့် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင့် ၅ အနေဖြင့် လူအင်အား အသုံးပြုကာ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းကာ ရှာဖွေခြင်း၊ ယာဉ်၊ ယန္တရားများ အသုံးပြုပြီး ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent