ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ တစ်ဦး ကန့်ကွက်ခံရ

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ တစ်ဦး ကန့်ကွက်ခံရ
Published 20 July 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူတစ်ဦးဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ဦးသိန်းမောင်မှာ ကန့်ကွက်ခံရကြောင်း သိရှိရသည်။

ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများအား စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူစစ်ဆေးခဲ့ရာ ယင်းတို့အနက် ရသေ့တောင်မြို့မှ ဦးသိန်းမောင်မှာ ရခိုင်အမျိုးသားပါတီဝင် အနေဖြင့်သာ ရှိနေသေးသဖြင့် ANP ပါတီမှ အမည်စာရင်း တင်သွင်းထားသူ ဦးလှမြင့်က ကန့်ကွက်ထားသည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

“ကန့်ကွက်တာက ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်တာ ဖြစ်တယ်။ ရခိုင်အမျိုးသားပါတီရဲ့ ပါတီဝင်ဟောင်းတစ်ယောက် ဖြစ်နေတယ်။ ရခိုင်အမျိုးသားပါတီက နုတ်ထွက်ခွင့်တင်ထားတယ်လို့ ဆိုပေမယ့် ပါတီဗဟိုက ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ ဆိုတယ်။ အဲဒီအပေါ်မှာ ကန့်ကွက်တာဖြစ်တယ်။ ဒီကိစ္စကို ကျွန်တော်တို့ ခရိုင်ကော်မရှင်အနေနဲ့ ၇ ရက် လေ့လာသုံးသပ်ပြီးတော့ ၂၂ ရက်၊ ၂၃ ရက်လောက်မှာ ထုတ်ပြန်မှာဖြစ်ပါတယ်” ဟုလည်း ခရိုင်ရွေးကောက်ပွဲကော်မတီမှ အရာရှိတစ်ဦးဖြစ်သူ ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကန့်ကွက်ခံရသူ ဦးသိန်းမောင်မှာ ALD ပါတီ၏ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ALD နှင့် RNDP ရခိုင်ပါတီနှစ်ခု ပူးပေါင်းခဲ့ပြီးနောက် ANP ပါတီ၏ ရသေ့တောင်မြို့နယ် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ကြောင်း၊ လက်ရှိတွင် ANP ပါတီမှ နုတ်ထွက်ခွင့် တင်ထားသော်လည်း ပါတီအနေဖြင့် ပါတီမှ နုတ်ထွက်ခွင့်ကို ဆိုင်းငံ့ထားဆဲကာလ ဖြစ်ကြောင်းလည်း သိရသည်။