ပခုက္ကူမြို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း မြစ်ရေဝင်ကျေးရွာများမှ ဒေသခံများအတွက် ယာယီရေဘေးရှောင် စခန်းနှစ်ခု စတင်တည်ဆောက်

ပခုက္ကူမြို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း မြစ်ရေဝင်ကျေးရွာများမှ ဒေသခံများအတွက် ယာယီရေဘေးရှောင် စခန်းနှစ်ခု စတင်တည်ဆောက်
Published 20 July 2018

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေကြီးကာလတွင် ရေစကြိုမြို့ ဂူကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်စခန်းတွင် ရေဘေးရှောင်ဒေသခံများအား တွေ့ရစဉ်

ပခုက္ကူမြို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း မြစ်ရေဝင်ကျေးရွာများမှ ဒေသခံများအတွက် ယာယီရေဘေးရှောင်စခန်းအား ယခုဇူလိုင် ၁၇ ရက်မှ စတင်တည်ဆောက်နေပြီး ဒေသခံများအချိန်မီ ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ မြစ်ရေဝင်ကျေးရွာများမှ ဒေသခံများအတွက် ယာယီရေဘေးရှောင်စခန်းအား ကွန်းရွာအနီးကွက်လပ်တွင် စတင်လုပ်ဆောင်နေပြီး မြစ်အနောက်ဘက်ခြမ်း မြစ်ရေဝင်ကျေးရွာများမှ ဒေသခံများအတွက် ယာယီ ရေဘေးရှောင်အား ဥယျာဉ်ကျေးရွာအနီးတွင် တည်ဆောက်နေပြီဖြစ်ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးမှ သိရသည်။

ယာယီရေဘေးရှောင်များ တည်ဆောက်ရန် မြေညှိခြင်းများ စတင်လုပ်ဆောင်ကြောင်း၊ စခန်းတစ်ခုလျှင် လူဦးရေ ၄၀၀ ခန့် ခိုလှုံနိုင်ရန် တည်ဆောက်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ ကလေးငယ်များ ကိုယ်ဝန်ဆောင် မိခင်များအား ဦးစားပေး နေရာချထားမည်ဖြစ်ကြောင်း ၊ယင်လုံအိမ်သာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုပါ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ အမှန်တကယ် ရေဘေးရှောင်ရသူများ ခိုလှုံနိုင်ရေးအတွက် ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပခုက္ကူခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းက ပြောကြားသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ယခုဇူလိုင် ၁၈ ရက် တိုင်းထွာချက်အရ ၂၀၅၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိရန် ၉၅ စင်တီမီတာ (သုံးပေခန့်) သာ လိုတော့ကြောင်း သိရသည်။

ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှုအား ကြုံတွေ့ရလေ့ရှိသည့် ရေစကြိုမြို့နယ်တွင် ရေဘေးရှောင်စခန်းသုံးခု ဖွင့်လှစ်မည်ဖြစ်ပြီး ရေစကြိုမြို့ဂူကြီးကျောင်းတိုက်၊ ချင်းတွင်း၊ ဧရာဝတီမြစ်ဆုံအနီး ဆင်ကြို့ကျေးရွာနှင့် ပုခန်းခန်းတိုက်နယ်တို့အနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေကြီးရေလျှံကာလတွင် ပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့တွင် ရေဘေးရှောင်စခန်းတစ်ခုစီ ဖွင့်လှစ်ခဲ့ပြီး ရေကြီးရေနစ်မြုပ်မှု ကြုံတွေ့ရသည့် ကျေးရွာများ များပြားလာခြင်းကြောင့် ယခုနှစ်တွင် ရေဘေးရှောင်စခန်းများ တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင်း ဖြတ်သန်းစီးဆင်းသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကြီးကာလတွင် စိုးရိမ်ရေအမှတ်ကျော်လွန် ရောက်ရှိခဲ့ခြင်းကြောင့် ဒေသခံသောင်းနှင့်ချီ ရေလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။