ယခင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးသာအေးထံမှ ကျပ်သန်းပေါင်း ၁၇၀၀ ကို ပြန်လည်ရရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာ ဝန်ကြီး ပြောကြား

ယခင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးသာအေးထံမှ ကျပ်သန်းပေါင်း ၁၇၀၀ ကို ပြန်လည်ရရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာ ဝန်ကြီး ပြောကြား
Published 19 July 2018

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသာအေး ဦးဆောင်သော အစိုးရအဖွဲ့ဟောင်းထံမှ ကျပ်သန်းပေါင်း ၁၇၀၀ ကို ပြန်လည်ရရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ဇူလိုင် ၁၈ ရက်က ကျင်းပသည့် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်အတွက် ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက္ကာ ရေနံချက်ဖိုလုပ်ငန်းရှင်များထံမှ ရန်ပုံငွေကောက်ခံခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများမှ ရင်းနှီးမြှုပ်နှံထားသောငွေသည် ကျပ်သန်းပေါင်း ၇၀၁ ဒသမ ၂၂၃ သန်းနှင့် ပြန်လည်တောင်းခံ/လွှဲပြောင်းရန် ငွေကျပ် ၁၀၂၅ ဒသမ ၉၉၅၂၀၄ သန်း စုစုပေါင်း ကျပ်သန်း ၁၇၂၇ ဒသမ ၂၁၈၂၀၄ သန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျပ်သန်းပေါင်းများစွာကို ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုလက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ မုံရွာကျောက္ကာ ရေနံချက်လုပ်ငန်းဆောင်ရွက်သည့် စွမ်းအားဖွံ့ဖြိုးကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံထားသော ငွေများကို ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကျပ် ၃၄၈ ဒသမ ၉၇၆ သန်း၊ မုံရွာမြို့နယ် သာစည်လမ်းဘေးရှိ ယာမြေ ၆၂ ဒသမ ၉၅ ဧက ဝယ်ယူခြင်းအတွက် ကျပ်သန်း ၁၀၈ ဒသမ ၂၀၀ သန်း၊ Concrete Pump Truck တစ်စီးဝယ်ယူရန်အတွက် ကျပ် ၂၁၄ ဒသမ ၀၄၇ သန်း၊ မုံရွာမြို့ သီဟထွန်းကုမ္ပဏီတွင် အစုရှယ်ယာ ၃၀၀ စု ဝယ်ယူခြင်းအတွက် ကျပ်သန်း ၃၀ တို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြန်လည်တောင်းခံ လွှဲပြောင်းရန်ငွေများသည် ဇေယျာပဒေသာဖောင်ဒေးရှင်းသို့ ထုတ်ချေးငွေ ကျပ် ၂၄၂ သန်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးငွေ ကျပ် ၆ ဒသမ ၅၂၈ သန်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အခမဲ့ဗလာစာအုပ် ထောက်ပံ့ခြင်းလုပ်ငန်းမှ ဇေယျာပဒေသာ ဖောင်ဒေးရှင်းသို့ အမြတ်ငွေနှင့် လွှဲပြောင်းပေးငွေ ကျပ် ၁၄၃ ဒသမ ၇၂၉ သန်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ငွေစုစာအုပ်ထဲတွင် ၂၀၁၈ ခုနှစ် ခြောက်လပိုင်း ၃၀ ရက်အထိ လက်ကျန်ငွေ ၆၃၃ ဒသမ ၇၃၈၂၀၄ သန်းတို့ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံထားသည့် နောင်ပိုအောင်ကျေးရွာ ရေအားလျှပ်စစ်လုပ်ငန်း၊ သာစည်လမ်းဘေးရှိ ယာမြေ ၆၂ ဒသမ ၉၅ ဧကနှင့် Concrete Pump Truck တို့ကို ပြန်လည် လွှဲပြောင်းရယူပြီးဖြစ်ကြောင်း၊ သီဟထွန်းကုမ္ပဏီ အစုရှယ်ယာဝယ်ယူခြင်း ကျပ်သန်း ၃၀ ကိုလည်း ပြန်လည်တောင်းခံခဲ့ပြီး လွှဲပြောင်းရန် ငွေကျပ် ၁၀၂၅ ဒသမ ၉၉၅ ၂၀၄၀ သန်းကို ပြန်လည်ရယူပြီးဖြစ်သည့်အတွက် စုစုပေါင်း ငွေသားအနေဖြင့် ကျပ် ၁၀၅၅ ဒသမ ၉၉၅၂၀၄ သန်း ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်ဖွင့်လှစ်ထားသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေစုစာအုပ်ကိုလည်း ပိတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။