ဖားကန့် မြေပြိုမှုတွင် သေဆုံး၊ ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိပြီး နှစ်လောင်း ထပ်မံတွေ့ရှိကာ သေဆုံးသူ ၂၀ နှင့် ပျောက်ဆုံးသူ လေးဦး ရှိပြီဖြစ်ကြောင်း သိရ

ဖားကန့် မြေပြိုမှုတွင် သေဆုံး၊ ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိပြီး နှစ်လောင်း ထပ်မံတွေ့ရှိကာ သေဆုံးသူ ၂၀ နှင့် ပျောက်ဆုံးသူ လေးဦး ရှိပြီဖြစ်ကြောင်း သိရ
Published 19 July 2018

ဖားကန့်မြေပြိုမှုမှ ထပ်မံတွေ့ရှိသော အလောင်းနှစ်လောင်းကို သယ်ဆောင်ရန် ပြင်ဆင်စဉ်

ဖားကန့်ဒေသ၌ ဇူလိုင် ၁၄ ရက် မြေပြိုမှုတွင် သေဆုံးသူ အလောင်း ၂၀ ရှာဖွေ တွေ့ရှိထားပြီး ပျောက်ဆုံးသူ လေးဦးရှိကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက်တွင် ပျောက်ဆုံးစာရင်း ပေးထားသည့် အမျိုးသားနှစ်ဦး၏ အလောင်းများ တွေ့ရှိပြီးနောက် အရေအတွက် တိုးလာခြင်း ဖြစ်သည်။

လုံးခင်းကျေးရွာဥက္ကဋ္ဌ ဦးလှအောင်က “ ဒီနေ့မှာ တွေ့တာက မဇွတ်ယန်ကျေးရွာမှာနေတဲ့ ပျောက်ဆုံးစာရင်း ပေးထားတဲ့ ညီအစ်ကို နှစ်ယောက်ပါ။ ၁၆ ရက်နေ့ တွေ့တဲ့သူကတော့ ပိုင်ရှင်မပေါ်ဘူး။ လက်ရှိမှာ အလောင်း ၂၀ တွေ့ပြီး လေးဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်။ မှော်ရွာတွေဆိုတော့ လူမသိသူမသိ အဖွဲ့လိုက်နေကြတာ။ ပျောက်ဆုံးစာရင်းက ဒီထက်များနိုင်တာပေါ့။ ဖြစ်တဲ့နေ့ကလည်း ပိုင်ရှင်မပေါ်တာတွေ ရှိနေတယ်။ ဒီမှာက အန္တရာယ်ရှိ ဆိုင်းဘုတ်တွေလည်း ထောင်ထားတယ်။ ကျွန်တော်တို့ ဒေသမှာက ရပ်ရွာမှာ နေသူတွေ၊ ပျံကျတွေ၊ ကျူးတွေဆိုပြီး ဖြစ်နေတာ။ အပြင်ကလူတွေက စာရင်းတွေတော့ မရှိဘူးပေါ့။ အများကြီး ဖြစ်နေတာကိုး။ အန္တရာယ်ရှိလို့ မနေဖို့ပြောလည်း နားထောင်တဲ့ လူလည်း ရှိတယ်။ နားမထောင်တဲ့ လူလည်း ရှိတယ်”ဟု ပြောကြားသည်။

မြင့်မြတ်သူ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသီဟဈာန်က “ မနက် ၁၀ နာရီခွဲမှာ သတင်းကြားလို့ သွားကောက်တာ။ ၂ နာရီခွဲမှာ တစ်လောင်း ကောက်ပြီး တစ်လောင်း ထပ်ပေါ်လာတယ်။ ဒီနေ့ နှစ်လောင်းရတာပေါ့။ ထပ်လည်း ပေါ်လာနိုင်သေးတယ်။ အလောင်းပိုင်ရှင် ပေါ်တယ်။ ပျောက်ဆုံးစာရင်းတွေက အသေအချာ မသိနိုင်ဘူး။ ဟိုလိုဒီလို ဖြစ်နေတာ။ တချို့အလောင်းတွေလည်း ပိုင်ရှင်မပေါ်ဘူးလေ။ တစ်ရွာတည်းက မဟုတ်ဘူး။ ဘေးရွာတွေက အားလုံးပါနေတာ။ မြေပြိုတာတွေက ဒီနှစ်မှာ ဒုတိယအကြိမ် အကြီးအကျယ် ပြိုတာပေါ့။ မနှစ်က ငါးယောက် ပိတာ။ တစ်ဦးစ နှစ်ဦးစတွေကတော့ များတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး မဟာ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတွင် ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက မြေပြိုမှုဖြစ်ပွားပြီး လူပေါင်း ဆယ်နှင့်ချီ သေဆုံးကာ ၂၀ သေ၊ လေးဦး ပျောက်ဆုံး၊ ၆၃ ဦး ဒဏ်ရာရပြီး ၄၆ ဦးမှာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ရေထဲတွင် ရှာဖွေနေသူတို့အား ကြိုးဖြင့် ဆွဲ၍ ကူညီနေစဉ်

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒဏ်ရာရသူများအား ကျပ်နှစ်သိန်းခွဲ၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုကို ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဆိုသည်။

ဖားကန့်ဒေသတွင် ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ ၁၀၀ အထက် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် ရှိနေပြီး ကျောက်စိမ်း လုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်း တူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်း ရှာဖွေခြင်းများ လုပ်ကိုင်ကြပြီး မြေပြိုမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာအုပ်စုမှ ဆိပ်မူကျေးရွာအုပ်စု အထိ (အလျားမိုင် ၂၀ ကျော်) ကျောက်စိမ်းလုပ်ကွက်များ အနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ မြေပြိုမည့်အန္တရာယ် ရှိနေကြောင်း သိရသည်။

Most Read

Most Recent