အလောင်းတော်ကဿပဘုရားတွင် ကေဘယ်ကြိုး လုပ်ဖြစ်ခြင်း၊ မလုပ်ဖြစ်ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် မူတည်ကြောင်းနှင့် ကေဘယ်ကြိုးလုပ်ဖြစ်ပါက ကုမ္ပဏီဘက်က ဒေါ်လာ ၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရ

အလောင်းတော်ကဿပဘုရားတွင် ကေဘယ်ကြိုး လုပ်ဖြစ်ခြင်း၊ မလုပ်ဖြစ်ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် မူတည်ကြောင်းနှင့် ကေဘယ်ကြိုးလုပ်ဖြစ်ပါက ကုမ္ပဏီဘက်က ဒေါ်လာ ၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရ
Published 15 July 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပဘုရားတွင် ကေဘယ်ကြိုးလုပ်ဖြစ်ခြင်း မလုပ်ဖြစ်ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် တည်နေကြောင်း ကေဘယ်ကြိုးလုပ်ဖြစ်ပါက ကုမ္ပဏီဘက်က ဒေါ်လာ ၆၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီ ဒါရိုက်တာ ကိုနောင်ရဲအောင်က ပြောကြားသည်။

အလောင်းတော်ကဿပဘုရား၌ ကေဘယ်ကြိုး တပ်ဆင်ပြီးပါက ကမ္ဘာတွင် အရှည်လျားဆုံး ကေဘယ်ကြိုး ဖြစ်လာမည်ဖြစ်ကြောင်း၊ ရွှေဆင်ကြီးကုမ္ပဏီဘက်ကလည်း အဆိုပါနေရာ၌ ကေဘယ်ကြိုးတပ်ဆင်ရန် စိတ်ဝင်စားနေကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုများလည်း ပြုလုပ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဇလုံတောင်နဲ့ အလောင်းတော်ကဿပဘုရားမှာ ကေဘယ်ကြိုး တပ်ဆင်ဖို့ အခြေအနေကတော့ လောလောဆယ်မှာ ပေပါဝေါအဆင့်ပဲ ရှိနေသေးတယ်။ တိုင်းဒေသကြီးကတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ကြိုဆိုတယ်။ သူတို့ကလည်း လုပ်ချင်တယ်ပြောတယ်။ ကျွန်တော်တို့ကလည်း အဲဒီနေရာတွေကိုသွားပြီး ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ပြီး သွားပြီးပြီ။ ဇလုံတောင်အတွက်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် မထွက်သေးဘူး။ အလောင်းတော်ကဿပအတွက်ကတော့ ဒေါ်လာ သန်း ၆၀ နဲ့ ၆၅ သန်း ရင်းနှီးမြှုပ်နှံဖို့ရှိတယ်။ လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးဆိုတာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှာပဲ မူတည်တယ်။ အလောင်းတော်ကဿပကတော့ ကျွန်တော်တို့ ကုမ္ပဏီဘက်က လုပ်ဖြစ်ဖို့များတယ်” ဟု ရတနာရွှေဆင်ကြီးကုမ္ပဏီ ဒါရိုက်တာ ကိုနောင်ရဲအောင်က ဆက်လက်ပြောကြားသည်။

အလောင်းတော်ကဿပဘုရားတွင် ကေဘယ်ကြိုးတပ်ဆင်ရန်အတွက် ကုမ္ပဏီနှင့် ကုမ္ပဏီ၏နောက်မှ အစုရှယ်ယာဝင်များကလည်း စိတ်ဝင်စားကြောင်း၊ ထို့ပြင် ကုမ္ပဏီဘက်က ယင်းနေရာတွင် ကေဘယ်ကြိုးတပ်ဆင်ရန်အတွက် နောက်ဆုံးဖိုင်နယ်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးပို့ရန် ကျန်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးဖိုင်နယ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးပို့ပြီးပါက ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ကြား ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။