ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးခံထားရသည့် ငါးမင်းဆွေအား ပထမအကြိမ် ရုံးထုတ်ရမန်ယူ

ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဆီးခံထားရသည့် ငါးမင်းဆွေအား ပထမအကြိမ် ရုံးထုတ်ရမန်ယူ
Published 14 July 2018

ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် ပုဒ်မ-၁၂၄ (က) ဖြင့် ဖမ်းဆီးခံရသည့် ငါးမင်းဆွေအား ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

“ငါးမင်းဆွေကို စီအိုင်ဒီက ဒုရဲမှူး ဦးသာဒွန်းက တရားလိုလုပ်ပြီး တရားရုံးကို ဦးတိုက်လျှောက်တာပါ။ အဲဒီမှာ တရားသူကြီးက အမှုကိုလက်ခံဖို့ ပြည့်စုံလုံလောက်တယ်ဆိုပြီး ယူဆတဲ့အတွက် အမှုကိုလက်ခံလိုက်တယ်။ စွဲရတဲ့အမှုက ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်မှာ တောက်လျှောက်ပုတ်ခတ် စော်ကားလို့ဆိုပြီး ဖွင့်တာပါ။ ပုဒ်မက ၁၂၄ (က) ပါ။ အနောက်ပိုင်းခရိုင် တရားရုံးမှာပါ။ ဒီနေ့က ချုပ်ရက် ရမန်ယူတာပါ။ အခု အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ ရုံးချိန်းကို လာမယ့် ၂၀ ရက်မှာ ပြန်ချိန်းထားတယ်”ဟု ဖမ်းဆီးခံထားရသည့် ငါးမင်းဆွေ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

လှိုင်မြို့နယ် လှိုင်မြင့်မိုရ်အိမ်ရာ မာဃလမ်း ၁၀ ရပ်ကွက်နေ ငါးမင်းဆွေအား ဇူလိုင်  ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသည့် ငါးမင်းဆွေမှာ လှိုင် မြို့နယ်အတွင်း နေထိုင်သည်မှာ ငါးနှစ်ကျော် ခန့်ကြာမြင့်ပြီဖြစ်ကြောင်း (၁၀) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပုဒ်မ-၁၂၄ (က) မှာ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအ ဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးမစားအောင်သော်လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေနှင့်တကွ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent