မောင်တောဒေသအတွင်း သင့်လျော်မည့် မြေနေရာ ရလိုကြောင်း သင်္ဘောကွေ့ ကျေးရွာသားများ တောင်းဆိုခဲ့သော်လည်း မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ် မြေနေရာ ရွေးချယ်ပြီး အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက်ရှိဟု သတင်းထုတ်ပြန်

မောင်တောဒေသအတွင်း သင့်လျော်မည့် မြေနေရာ ရလိုကြောင်း သင်္ဘောကွေ့ ကျေးရွာသားများ တောင်းဆိုခဲ့သော်လည်း မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ် မြေနေရာ ရွေးချယ်ပြီး အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက်ရှိဟု သတင်းထုတ်ပြန်
Published 13 July 2018

မောင်တောဒေသအတွင်း ထပ်မံအခြေချရန် သင့်လျော်မည့် မြေနေရာ ရလိုကြောင်း အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် သင်္ဘောကွေ့ကျေးရွာသားများ တောင်းဆိုခဲ့သော်လည်း မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ် မြေနေရာ ရွေးချယ်ပြီး အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက် ရှိကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၀ ရက်က မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်ပြီး သင်္ဘောကွေ့ ကျေးရွာသားများနှင့် တွေ့ဆုံကာ ရိက္ခာထောက်ပံ့ခြင်း၊ လူဦးရေ ၊ အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယင်းနောက်တွင် သက်ဆိုင်ရာက လာရောက် တွေ့ဆုံခြင်း မရှိသေးကြောင်းနှင့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မောင်တောခရိုင်အတွင်းမှ အရပ်ဘက် အဖွဲ့အစည်းများက လာရောက် ထောက်ပံ့ကူညီခြင်းများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သဖြင့် နေထိုင်ရေးအတွက် အရေးပေါ် လိုအပ်နေသဖြင့် သင့်လျော်မည့် နေရာတစ်ခု ကူညီပေးရန် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအား တင်ပြ တောင်းဆိုထားကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ကို ဇူလိုင် ၉ ရက်က ရွာက ဖယ်ရှားခဲ့တယ်။ အဲဒီနေ့မှာ ပြောတာက ကျွန်တော်တို့ကို သင်္ဘောကွေ့ရွာမှာ နေလို့ မရတော့ဘူး။ အင်းဒင်ရွာသစ်ကို ပြောင်းရွှေ့ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့က လက်မခံဘူး။ ဘာကြောင့် လက်မခံလဲ ဆိုတော့ အဲဒီနေရာက မိုးကာလမှာ ရေဝပ်တယ်။ နွေရာသီမှာ ရေရှားတယ်။ နောက် တောကိုဝင်ဖို့ ဆိုလည်း နည်းနည်း အလှမ်းဝေးတယ်။ နောက် ရဲစခန်းနဲ့ အနီးကပ်မှာဖြစ်လို့ လုံခြုံရေးအတွက် စိတ်ချရပေမယ့် တခြား မလိုလားအပ်တာတွေ ဖြစ်လာမှာကို တွေးတဲ့သူတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ရွာလုံးက အင်းဒင်ရွာဘက်ကို မသွားဘဲ အခုရောက်နေတဲ့ ကျောက်ပန်းတူ ဘုန်းကြီးကျောင်းကို လာပြီး နေကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၁၀ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ခေါက် ရောက်လာတယ်။ အဲဒီနောက်ပိုင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီက တာဝန်ရှိသူတွေ ရောက်ပါတယ်။ နောက် မောင်တော၊ ဘူးသီးတောင်က အရပ်ဘက်အဖွဲ့တွေ ရောက်ပါတယ်။ ကျွန်တော်တို့ကတော့ စိုက်ပျိုး စားသောက်လို့ရမယ့် ရေမဝပ်တဲ့ ကုန်းမြင့်တစ်နေရာရာကို သင့်လျော်သလို နေရာချထားပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာကတော့ နောက်ထပ်လာပြီး ညှိနှိုင်းတာ မရှိတော့ပါဘူး”ဟုသင်္ဘောကွေ့ကျေးရွာသား ဦးမောင်ဝင်းရွှေက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ် မြေနေရာ ရွေးချယ်ကာ ယာယီ အဆောက်အအုံများ ဆောက်လုပ်ပေးပြီး အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက် ရှိကြောင်း ဇူလိုင် ၁၂ ရက်က အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သင်္ဘောကွေ့ကျေးရွာအား ရှင်းလင်း ဖယ်ရှားခြင်း၊ ကျေးရွာသားများကို နေရာချထားခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် မောင်တောမြို့ သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာ၌ ဥပဒေမဲ့ တဲ၊ အိမ်များ ဆောက်လုပ်၍ ဝင်ရောက် နေထိုင်သူများအား ဇူလိုင် ၉ ရက်တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရှင်းလင်း ဖယ်ရှားစဉ် ဥပဒေမဲ့ နေထိုင်သူများအား စည်းရုံး ဦးဆောင်နေသူ ဦးထွန်းမြင့်ဦး၏ နေအိမ်မှ စနက်တံပါ လက်ပစ်ဗုံး တစ်လုံး၊ တုတ်၊ ဓားလက်နက်များ၊ လက်ကိုင် စကားပြောစက်များ၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ကာ ဖိုင်ဘာဦးထုပ် တစ်လုံး၊ ကင်မရာပစ္စည်းများ၊ ဆေးရုံသုံး ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဖုန်းနှင့် ဆင်းမ်ကတ်တို့ကို သိမ်းဆည်းရမိပြီး သက်ဆိုင်ရာက ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent