Grab က အရှေ့တောင်အာရှတွင် ပထမဆုံး နေ့စဉ် အသုံးပြုနိုင်မည့် ကုန်စုံဆိုင် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု Grabfresh နည်းဗျူဟာ မိတ်ဆက်ပွဲ စင်ကာပူနိုင်ငံတွင် ပြုလုပ်

Grab က အရှေ့တောင်အာရှတွင် ပထမဆုံး နေ့စဉ် အသုံးပြုနိုင်မည့် ကုန်စုံဆိုင် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု Grabfresh နည်းဗျူဟာ မိတ်ဆက်ပွဲ စင်ကာပူနိုင်ငံတွင် ပြုလုပ်
Published 13 July 2018

Grabfresh နည်းဗျူဟာ မိတ်ဆက်ပွဲတွင် Grab ၏ CEO နှင့် မိတ်ဖက်များကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

Grab က အရှေ့တောင်အာရှတွင် ပထမဆုံး နေ့စဉ်သုံး အသုံးပြုနိုင်မည့် ကုန်စုံဆိုင် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု Grabfresh နည်းဗျူဟာ မိတ်ဆက်ပွဲကို ဇူလိုင် ၁၀ ရက် က စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Grab အနေဖြင့် Grab အက်ပလီကေးရှင်းအတွင်း နေ့စဉ်သုံး ဝန်ဆောင်မှုများ ထပ်မံ ထည့်သွင်းပေးမည် ဖြစ်သည်။ လိုအပ်သလို နေ့စဉ် အသုံးပြုနိုင်သော ကုန်စုံဆိုင် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်သည့် Grabfresh နည်းဗျူဟာကို ယခုလအတွင်း စတင် စမ်းသပ်မည်ဟု သိရသည်။ Grab က အရှေ့တောင်အာရှတွင် ပထမဦးဆုံး နေ့စဉ်သုံး Superapp ကို ဖန်တီးနိုင်ရန်အတွက် ၎င်း၏ Open Platform နည်းဗျုဟာမှ အစိတ်အပိုင်း တစ်ခုဖြစ်သော Grab Platform ကို ဇူလိုင် ၁၀ ရက်က စတင် မိတ်ဆက်ခဲ့သည်။

Grab Platform ပေါ်တွင် ဝန်ဆောင်မှုများ ချိတ်ဆက် လုပ်ဆောင်နိုင်မည့် မိတ်ဖက်လုပ်ငန်းများနှင့် တွဲဖက်လျက် ၎င်း၏ အက်ပလီကေးရှင်းတွင် လူသုံးအများဆုံး နေ့စဉ်သုံး ဝန်ဆောင်မှုများကို ထပ်မံ ထည့်သွင်းပေးမည် ဖြစ်သည်။

Grab အသုံးပြုသူ အင်အားနှင့် Grab Platform မှတစ်ဆင့် လုပ်ဆောင်နေသည့် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော ပို့ဆောင်ဖြန့်ဖြူးမှု လမ်းကြောင်းများစွာအားဖြင့် မိတ်ဖက် လုပ်ငန်းများသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လုပ်ငန်းပိုမို ထိရောက်စွာ တိုးချဲ့လုပ်ကိုင်နိုင်မည်ဟု သိရသည်။

နေ့စဉ် အချိန်မရွေး အသုံးပြုနိုင်မည့် ဝန်ဆောင်မှု ဖြစ်သည့် ကုန်စုံဆိုင် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု Grabfresh ဝန်ဆောင်မှုကို Grabapp အတွင်း အသုံးပြုနိုင်ရန် အရှေ့တောင်အာရှ၏ နံပါတ် ၁ ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီဖြစ်သော HappyFresh က ပထမဦးဆုံး Grab Platform မိတ်ဖက် လုပ်ငန်းအဖြစ် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ ယခုလမှစပြီး Grab သည် အရှေ့တောင်အာရှ ဒေသတွင်း အိမ်ထောင်စုစရိတ် အသုံးပြုမှု အများဆုံးအုပ်စုအဖြစ် ချဲ့ထွင်ပြီး ဒေသတွင်း နေ့စဉ်သုံး Superapp ဖြစ်လာရန် တိုးတက် လုပ်ဆောင်မည်ဟု သိရသည်။

Grab app ၏ ပင်မ စာမျက်နှာအသစ်မှာ တစ်ချက်နှိပ်ရုံဖြင့် ငွေပေးချေရန်နှင့် နေ့စဉ်သုံး ဝန်ဆောင်မှုများကို အားလုံးကို အလွယ်တကူ ရှာဖွေနိုင်ရန် ပြုလုပ်ထားပြီး အသုံးပြုသူများအတွက် မြို့တွင်းရှိ နေရာများနှင့် စပ်လျဉ်း၍ သုံးသပ်ချက်များနှင့် ရာသီချိန်အလိုက် သတင်းများ၊ ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရ ဘောလုံးသတင်း စသော သတင်းပုံစံများအထိ ပြသပေးမည့် News Feed တစ်ခုကိုပါ ဖြည့်စွက် ထည့်သွင်းထားသည်။

“လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော်တို့ရဲ့ နည်းပညာ ပိုပြီး တိုးတက် ကောင်းမွန်လာဖို့နဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ အခုဆိုရင် Grab app ကို ထည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းပေါင်း သန်း ၁၀၀ ကျော်၊ ယာဉ်မောင်းဦးရေ ၇ ဒသမ ၁ သန်းပေါင်းတဲ့ ကွန်ရက်တစ်ခု၊ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်လုပ်ငန်းတွေ၊ ဈေးရောင်းချသူတွေနဲ့ ဖြန့်ဖြူးပေးတဲ့ အေးဂျင့်တွေ၊ ယုံကြည်စိတ်ချရတဲ့ ငွေပေးချေမှုစနစ်နဲ့ နည်းပညာ အထောက်အပံ့ကောင်းတွေ ရှိနေပြီ ဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းငယ်လေးတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဘယ်သူ့ထက်မဆို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခု အခိုင်အမာ ရရှိခဲ့ပါပြီ” ဟု Grab ၏ Group CEO နှင့် တွဲဖက် တည်ထောင်သူ Anthony Tan က Grabfresh နည်းဗျူဟာ မိတ်ဆက်ပွဲတွင် ပြောကြားသည်။

Most Read

Most Recent