ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်အတွင်း မှုခင်းဖြစ်ပွားမှုနှုန်း ယခင်နှစ်ထက် အမှုကြီးဖြစ်စဉ်လျော့ကျပြီး အခြားအမှုဖြစ်စဉ် ပိုမိုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်အတွင်း မှုခင်းဖြစ်ပွားမှုနှုန်း ယခင်နှစ်ထက် အမှုကြီးဖြစ်စဉ်လျော့ကျပြီး အခြားအမှုဖြစ်စဉ် ပိုမိုဖြစ်ပွား
Published 12 July 2018

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လပတ်အတွင်း မှုခင်းဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်အခြေအနေထက် အမှုကြီးဖြစ်စဉ်များ လျော့ကျခဲ့ပြီး အခြားအမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသည့်စာရင်းများအရ ယခုနှစ် ပထမခြောက်လပတ်အတွင်း အမှုကြီးဖြစ်စဉ်များတွင် တိရစ္ဆာန်ခိုးမှုနှင့် မုဒိမ်းမှုဖြစ်စဉ်များ လျော့ကျခဲ့သော်လည်း လူသတ်မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၂၀၁၇ ဇန်နဝါရီကနေ ဇွန်အထိ ပထမခြောက်လပတ်မှာ အမှုကြီး ၂၇၃ မှုဖြစ်တယ်။ ၂၀၁၈ ကျတော့ ၂၄၄ မှု၊ အမှုကြီး အရေအတွက်ကတော့ လျော့တာပေါ့။ အဓိကလျော့တာတော့ တိရစ္ဆာန်ခိုးမှုနဲ့ မုဒိမ်းမှုမှာ နည်းနည်းလျော့လာတယ်။ ၂၀၁၇ ခြောက်လပတ်တုန်းက မုဒိမ်းမှုက ၁၃၄ မှု ဖြစ်ပါတယ်။ ၂၀၁၈ မှာကျတော့ ၁၂၂ မှုပေါ့။ အလားတူပဲ တိရစ္ဆာန်ခိုးမှုက ၂၀၁၇ တုန်းက ၃၆ မှုဖြစ်ပြီး အခု ၂၀၁၈ မှာ ၁၄ မှုဆိုတော့ အမှုအရေအတွက်အားဖြင့် လျော့သွားတာပေါ့။ လူသတ်မှုကကျတော့ မနှစ်က ၈၀၊ ဒီနှစ် ၈၉ ဆိုတော့ ၉ မှု တိုးလာတာပေါ့။ မနှစ်ကထက်စာရင် အမှုကြီးမှာတော့ လျော့သွားပါတယ်။ အခြားအမှုတွေကတော့ မနှစ်က ထက်စာရင် ဒီနှစ်က တိုးတယ်။ မနှစ်က ၄၂၁၈ မှု၊ ဒီနှစ်မှာတော့ ၄၅၅၇ ပေ့ါ” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“ယာဉ်တိုက်မှုက ၂၀၁၇ ပထမခြောက်လပတ်တုန်းက ၁၀၁၉ မှု ဖြစ်ပါတယ်။ အဲဒီမှာ ဒဏ်ရာရသူက ကျား ၁၃၃၊ မ ၅၀၆ အားလုံးပေါင်း ၁၈၃၉ ပေ့ါ။ သေဆုံးသူက ကျား ၁၆၅၊ မ ၅၆ အားလုံးပေါင်း ၂၂၁ ပေါ့။ ၂၀၁၈ ပထမ ခြောက်လပတ်မှာကျတော့ ၁၁၃၇၊ ဒဏ်ရာရတာက ကျား ၁၄၇၈၊ မ ၅၀၉ အားလုံးပေါင်း ၁၉၈၇၊ သေဆုံးသူအနေနဲ့ကျတော့ ကျား ၂၀၁၊ မ ၄၅ ဆိုတော့ ၂၄၆ ပေ့ါ။ အမှုအရေအတွက်လည်း တိုးသလို သေဆုံးတဲ့ အရေအတွက်လည်း တိုးပါတယ်” ဟု ဒုရဲမှူးကြီးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

ယခုနှစ်ပထမခြောက်လပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၌ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ၂၈ မှုရှိခဲ့ပြီး WY စိတ်ကြွရူးသွပ်ဆေးပြားများကို အများစုဖမ်းမိခဲ့သည်။

“မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာကျတော့ ၂၀၁၇ မှာ ၂၉ မှုပေါ့။ ၂၀၁၈ မှာကတော့ ၂၈ မှုပေါ့။ အဓိကကတော့ WY ဆေးပြားပါပဲ၊ စိတ်ကြွရူးသွပ်ဆေးပြား အဲဒီဟာတွေ အများစုဖမ်းမိပါတယ်။ အဓိကကတော့ မူးယစ်ဆေးဝါး ရောင်းချတယ်၊ သုံးစွဲတယ် ဒီဟာတွေကို သတင်းတွေရယူပြီး ကွင်းဆက်နဲ့ လိုက်လံဖော်ထုတ် ဖမ်းဆီးရတဲ့ အနေအထားတွေပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ဆက်စပ်တဲ့ တရားခံတွေက အဓိကကတော့ ရန်ကုန်တိုင်းကပါပဲ။ မိတဲ့သူတွေကို စိစစ်တဲ့အခါမှာလည်း ရန်ကုန်တိုင်းဘက်ကပဲ သယ်ဆောင်လာတာတွေ များပါတယ်။ ဒီမှာမိတော့လည်း မအူပင်တို့ဆိုရင် ရန်ကုန်နဲ့ နီးတဲ့နေရာတွေ အဓိကဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်သူများ မှုခင်းအသိပညာရှိမှ အမှုများမဖြစ်အောင် ထိန်းသိမ်းနိုင်မည်ဖြစ်သဖြင့် မှုခင်းပညာပေးမှုများကို အပတ်စဉ် မဖြစ်မနေ ဆောင်ရွက်ရန်စခန်းမှူးများ၊ မြို့နယ်မှူးနှင့် ခရိုင်မှူးများအား ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ညွှန်ကြားထားကြောင်း ဒုရဲမှူးကြီးခင်မောင်လတ်က ပြောကြားသည်။

“လူသတ်မှုတို့လို၊ မုဒိမ်းမှုတို့လို ဒါတွေမဖြစ်ပွားအောင် မှုခင်းပညာပေးမှုတွေကို အဓိကထားပြီး လုပ်နေပါတယ်။ ရပ်ကွက်တွေ၊ ကျေးရွာတွေအဆင့် ရောက်တဲ့အထိ မှုခင်းပညာပေးမှုတွေကို နယ်မြေရဲစခန်းမှူးတွေ၊ ရဲကင်းရဲစခန်းမှူးတွေ၊ မြို့နယ်မှူး၊ ခရိုင်မှူး အဆင့်ထိ အပတ်စဉ် မဖြစ်မနေ ဆောင်ရွက်ခိုင်းထားပါတယ်။ မှုခင်းပညာပေးမှုတွေ များများလုပ်မှလည်း အမှုတွေက လျော့နည်းကျဆင်းသွားမယ်။ ပြည်သူတွေအနေနဲ့လည်း မှုခင်းအသိပညာရှိမှ အမှုတွေမဖြစ်အောင်လည်း ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့မှ ကြိုတင်ကာကွယ်မှု ၃၀၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ယခုနှစ်ပထမခြောက်လပတ်အတွင်း ကြိုတင်ကာကွယ်မှု ၁၀၀၀၀ ကျော်အထိ တိုးမြှင့် ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ ရရှိသည့် စာရင်းအရ သိရသည်။

Most Read

Most Recent