ကမ္ဘာ့ရွှေဈေး ကျဆင်းသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဈေးတွင် ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး ကျဆင်းသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဈေးတွင် ဆက်ရှိနေ
Published 12 July 2018

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၁၁ ရက်တွင် ၁၂၅၂ ဒေါ်လာဝန်းကျင် ဖြစ်နေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၅၀၀ ဝန်းကျင် အမြင့်ဈေးတွင် ဆက်လက်ဖြစ်ပေါ်နေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇွန် ၂၇ ရက်တွင် ၉၃၇၀၀၀၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၉၄၇၅၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဧပြီတွင် ၁၃၂၃-၁၃၅၄၊ မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂-၁၂၉၉ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၃ ရက်တွင် ၁၂၃၇ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၁ ရက်တွင် ၁၂၅၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Recent