ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ်ကုသမှု ဆေးပညာ (Emergency Medicine) ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ စီစဉ်နေ

ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ်ကုသမှု ဆေးပညာ (Emergency Medicine) ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ စီစဉ်နေ
Published 11 July 2018

အရေးပေါ် လူနာတင်ယာဉ်ဖြင့် လူနာအား သယ်ဆောင်နေစဉ်

ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ်ကုသမှုဆိုင်ရာ ဆေးပညာ (Emergency Medicine)  ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့က စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ပထမပတ်အတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆေးပညာရှင်အဖွဲ့ အနေဖြင့် အမေရိကန်နိုင်ငံ Stanford University နှင့် ချိတ်ဆက်ပူးပေါင်း၍ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ် ကုသမှု ဆေးပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးရုံသို့ မရောက်ခင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထူထောင်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဆက်သွယ်ရေး နည်းပညာကို ကြားခံအသုံးပြုကာ အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါရှာဖွေ ကုသမှုပေးသော Telemedicine ကို မွန်ပြည်နယ်တွင် ကနဦး စမ်းသပ်လုပ်ဆောင်ကာ နောင်တွင် တစ်နိုင်ငံလုံး၌ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒများ၊ မြန်မာနိုင်ငံ ဆေးကောင်စီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

အရေးပေါ်ကုသမှုဆိုင်ရာ ဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်လျက်ရှိပြီး ဆေးပညာ သင်ကြားပေးရန်အတွက် ဆရာများ လိုအပ်ပါက ဝန်ကြီးဌာနရှိ ဆေးပညာရှင် ဆရာများက ကူညီအားဖြည့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးပညာ လက်တွေ့သင်ယူနိုင်ရန်အတွက် ပြည်သူ့ဆေးရုံများတွင် သင်ယူနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့်  ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းကြီး တစ်လျှောက် ‘အရေးပေါ် လူနာတင်ယာဉ် စနစ်’ တည်ထောင်ထားပြီး အရေးပေါ် ထိခိုက်ဒဏ်ရာများအတွက် ဖုန်းနံပါတ် ၁၉၂ သို့ ခေါ်ဆိုနိုင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် အရေးပေါ် လူနာတင်ယာဉ်စနစ် (Emergency Medical Service) ကို ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်တွင် စတင်ဝန်ဆောင်မှု ပေးလျက်ရှိပြီး အမြန်လမ်းတစ်လျှောက်ရှိ လှည်းကူး၊ ဘုရားကြီး၊ မြို့ချောင်း၊ ဖြူး၊ တောင်ငူ၊ လယ်ဝေး၊ အလယ်ရွာ၊ မိတ္ထီလာ၊ ပြင်စည် (နွားထိုးကြီး) နှင့် တံတားဦး ပြည်သူ့ဆေးရုံများ၌ လူနာတင်ယာဉ်များ ထားရှိအခြေပြု၍ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

လူနာများကို ကနဦး အသက်ကယ် ကုသမှုဆောင်ရွက်၍ လူနာတင်ယာဉ်များဖြင့် ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အရေးပေါ် ထိခိုက်ဒဏ်ရာ အခြေအနေများအတွက် ဖုန်းနံပါတ် ၁၉၂ သို့ ခေါ်ဆိုရမည်ဖြစ်သည်။