ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စွဲချက်တင်သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စွဲချက်တင်သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
Published 10 July 2018

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စွဲချက်တင်သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဆက်လက်တရားစွဲဆိုရန် တရားရုံးက ဇူလိုင် ၉ ရက်တွင် ဆုံးဖြတ်ချက် ချခြင်းအပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။

တရားစွဲခံရသော ရိုက်တာသတင်းထောက်နှစ်ဦး အလုပ်ပြန်လည် လုပ်ဆောင်နိုင်ရန်နှင့် မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းနိုင်ရန် မြန်မာအာဏာပိုင်များ အနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ဆုံးဖြတ်ချက်သည် (ရိုက်တာသတင်းထောက် နှစ်ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင် အမိန့်ချ) မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အနှောင့်အယှက် တစ်ရပ်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ထို့ပြင် ရိုက်တာသင်းဌာနမှ အယ်ဒီတာချုပ် Stephen J.Adler ကလည်း ထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် သတင်းထောက်နှစ်ဦးအား အခြေအမြစ်မရှိဘဲ စွဲထားသောအမှုကို တရားရုံးက ဖြေရှင်းပေးရန် ငြင်းပယ်လိုက်မှုအပေါ် ၎င်းအနေဖြင့် အလွန်စိတ်ပျက်မိကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် တရားဥဒေစိုးမိုးရေးအပေါ် သံသယရှိလာကြောင်း ပါရှိသည်။

ရိုက်တာသင်းဌာနမှ အယ်ဒီတာချုပ် Stephen J.Adler က “ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွပ်စွဲထားတဲ့ အခြေအမြစ် မရှိဘဲ အချိန်စွဲထားတဲ့ အမှုကို တရားရုံးက ဖြေရှင်းပေးဖို့ငြင်းပယ်လိုက်တဲ့အပေါ် ကျွန်တော်တို့ အနေနဲ့ အလွန်အမင်း စိတ်ပျက်မိပါတယ်။ ဒီသတင်းထောက်တွေကို လွှတ်ပေးဖို့ အချိန်တန်နေပါပြီ။ သူတို့အနေနဲ့ လျှို့ဝှက်အက်ဥပဒေ အပါအဝင် အခြားဘယ်ဥပဒေကို ချိုးဖောက်ခဲ့တာ ဒါမှမဟုတ် အမှားတစ်ခုခု လုပ်ခဲ့တာကို ထောက်ပြနိုင်တဲ့ သက်သေအချက်အလက် တစ်ခုမှ မရှိပါဘူး။ သူတို့ရဲ့ မိသားစုတွေ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့ သူတို့ကို လွှတ်ပေးသင့်ပါပြီ။ ဒါ့အပြင် ဒီနေ့ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ မြန်မာနိုင်ငံ အနေနဲ့ ကတိကဝတ် ပြုထားတဲ့ တရားဥပဒေ စိုးမိုးရေးအပေါ် သံသယရှိစရာ ဖြစ်လာပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အီးယူအဆင့်မြင့် ကိုယ်စားလှယ် ဖဒယ်ရီကာမိုဂါရီနီ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တရားရုံးမှ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သော ဝလုံးနှင့် ကျော်စိုးဦးတို့အား ၁၉၂၃ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် အခြေခံလွတ်လပ်ခွင့်၊ လွတ်လပ်သည့် မီဒီယာနှင့် အများပြည်သူ သတင်းရပိုင်ခွင့်တို့အတွက် အင်မတန်စိုးရိမ် ပူပန်ဖွယ်ရာ ဖြစ်ရကြောင်း ဖော်ပြထားသည်။

ဥရောပသမဂ္ဂ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးကာ ၎င်းတို့ အလုပ် ၎င်းတို့လုပ်ကိုင်ခြင်းကြောင့် တရားစွဲဆိုခံရသည့် သတင်းထောက်နှစ်ဦးတို့အပေါ် တင်ထားသည့် စွဲချက်များကို ရုပ်သိမ်းပြီး မိသားစုနှင့် ပြန်လည်ဆုံစည်းကာ အရေးပါလှသည့် လုပ်ငန်းများ ပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် အလျင်မြန်ဆုံး ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေသည်မှာ ရှစ်လကျော် ကြာမြင့်ပြီဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် စွဲချက်တင်အမိန့် ချမှတ်ခဲ့သည်။

 

Most Read

Most Recent