ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှု လိုအပ်ချက်များ ရှိနေကြောင်း ကော်မရှင်ဥက္ကဋ္ဌ Mr.Kofi Annan နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှု လိုအပ်ချက်များ ရှိနေကြောင်း ကော်မရှင်ဥက္ကဋ္ဌ Mr.Kofi Annan နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 25 August 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr.Kofi Annan တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှု လိုအပ်ချက်များ ရှိနေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr.Kofi Annan နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၂၄ ရက် နံနက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr.Kofi Annan တို့သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ကော်မရှင်၏ အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီး ဖြစ်ကြောင်း၊ ကော်မရှင်၏ တာဝန်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် အကြံပြုရန်ဟု နားလည်ကြောင်း၊ ယင်းသို့ အကြံပြုရာတွင် အချက်အလက်များ မှန်ကန်ရန် လိုအပ်သောကြောင့် ယခင် မိမိတို့ တွေ့ဆုံချိန်များတွင် သမိုင်းကြောင်းအဖြစ်မှန်များကို ပကတိနှင့် အရှိအတိုင်း ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အကြောင်းအချက် ပြည့်ပြည့်စုံစုံ လေ့လာရန်လည်း အကြံပြုခဲ့ကြောင်း၊ ကော်မရှင်၏ အကြံပြုချက်မှာ တရားဝင် အစီရင်ခံစာဖြစ်ခြင်းကြောင့် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိမှာဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အချိန်ကန့်သတ်ချက်၊ သွားလာမှု ကန့်သတ်ချက်များကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းတွင် မပြည့်စုံနိုင်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးသည် အားလုံးက စိတ်ဝင်စားသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ “ကျောက်ထက်အက္ခရာတင်” ဆိုသည့် မြန်မာ့ ဆိုရိုးစကားနှင့်အညီ စာဖြင့် မှတ်တမ်းတင်ခြင်းသည် ပိုမိုလေးနက်မှု ရှိကြောင်း၊ မှားယွင်း၍ မရဘဲ မှန်ကန်ရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် ရခိုင်ဒေသ အရေးကိစ္စအား စဉ်ဆက်မပြတ် စဉ်းစားသုံးသပ် လုပ်ဆောင်နေခြင်းဖြစ်၍ မိမိတို့ ဆွေးနွေးခဲ့သည့် အချက်အလက် မှားယွင်းမှု၊ မျှတရန် လိုအပ်မှုများကို သုံးသပ်ပြင်ဆင်ရန် အကြံပြုကြောင်းလည်း ထည့်သွင်းပြောကြားသည်။

Mr.Kofi Annan ကလည်း မိမိတို့ ကော်မရှင်အား လွန်ခဲ့သည့် တစ်နှစ်က ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များကို လေ့လာသုံးသပ်၍ ပဋိပက္ခများ၊ တင်းမာမှုများ လျော့ပါးစေရေးအတွက် အကြံပြုနိုင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၂ လတာ ကာလအတွင်း ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဂျနီဗာမြို့တို့တွင် တွေ့ဆုံ ဆွေးနွေးမှု၊ ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြဿနာ၏ သဘောသဘာဝကို သိရှိနိုင်ရန် လေ့လာမှု၊ ပြောဆိုချက်များအား နားထောင်မှုများကိုလည်း အလေးထား လုပ်ဆောင်ခဲ့ကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နံှမှု အားပေးမြှင့်တင်ရေး၊ အခြေခံဝန်ဆောင်မှုများ ရရှိရေးကိစ္စရပ်များအား အကြံပြုထားကြောင်း၊ အဓိကအချက် အနေဖြင့် နိုင်ငံသားစိစစ်မှုနှင့် မှတ်ပုံတင်ပြုလုပ်မှု၊ ရပ်ရွာ အသိုင်းအဝိုင်းများကြားတွင် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းဖြင့် တင်းမာမှုများ လျော့ပါးပြီး ပြန်လည် သင့်မြတ်မှုများလည်း ပါဝင်ကြောင်း၊ ၎င်းအပြင် နယ်စပ်လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆိုင်ရာများကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစီရင်ခံစာတွင် ဖော်ပြထားသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေမှာ တည်ဆဲ ဥပဒေဖြစ်၍ ယင်းဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အထွေထွေပြဋ္ဌာန်းချက်မှာပင် လူတစ်ယောက် နိုင်ငံသားဖြစ်မှုအတွက် မှတ်ပုံတင်ရန် လိုကြောင်း၊ သို့ဖြစ်၍ ရခိုင်ဒေသရှိ ဘင်္ဂါလီအားလုံး မှတ်ပုံတင်ရန် လိုကြောင်း၊ NVC ကတ်သည် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့် ပေးရေးအတွက် ခွဲခြမ်းစိတ်ဖြာရန် အခြေခံလိုအပ်ချက် ဖြစ်ကြောင်း၊ သို့မှသာ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသား ဖြစ်တည်မှုများအား ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ခွဲခြား၍မရသော သူများကို ထိန်းသိမ်းထားရပြီး ခွဲခြား၍ရသူများကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြုထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

လုံခြုံရေးအဖွဲ့များ အမြောက်အများ ထားရှိခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း လုံခြုံရေးဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေး စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရကြောင်း၊ ဘူးသီးတောင်-မောင်တော ဒေသအခြေအနေသည် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် သာမန်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တာဝန်ပေးထားကြောင်း၊ ယင်းနယ်မြေတွင် လက်ရှိ ပုဒ်မ-၁၄၄ ထုတ်ပြန်ထားကြောင်း၊ အောက်တိုဘာ ၂၀၁၆ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် တပ်များက ဝင်ရောက် ကာကွယ်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင်ပင် ဒေသခံပြည်သူများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ပျောက်ဆုံးနေခြင်းများ ရှိနေကြောင်း၊ ယင်းကို ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ယခုထက်ပိုမို ဆိုးရွားသည့် အရေးအခင်းများ ထပ်မံ ဖြစ်မလာစေရန် ကြိုတင်ကာကွယ်ရမည် ဖြစ်ကြောင်း၊ မေယုတောင်တန်းပေါ်တွင် ဘင်္ဂါလီများ၏ စစ်ရေး အထောက်အကူ စခန်းများ၊ စစ်ရေးလေ့ကျင့်မှုများကို ဖော်ထုတ် တွေ့ရှိရကြောင်း၊ ကာကွယ်ရေးအဆင့်အထိ ရောက်ရှိလာ၍ တပ်မတော်က ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားများသည် နံပါတ်တစ်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် နိုင်ငံသား အားလုံးကိုလည်း ကာကွယ်ရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ပြင် Mr.Kofi Annan က လုံခြုံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍ ၂၀၁၂ တွင် လုပ်ဆောင်ခဲ့မှု အခြေအနေ၊ အခြေအနေ တည်ငြိမ်ပြီး ထိန်းချုပ်နိုင်ပါက တပ်မတော်၏ လုပ်ဆောင်မှုနှင့် လက်ရှိ အခြေအနေများအား ဆွေးနွေးမေးမြန်းရာ ၂၀၁၂ ဖြစ်စဉ်၌ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူ၍ သမ္မတ၏ ဦးဆောင်မှုဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေသည် လုံခြုံရေးစိတ်ချရမှု မရှိသေးကြောင်း၊ တစ်ဖက်နိုင်ငံ နယ်စပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရောက်ရှိနေသည့် သတင်းများ ရရှိထားကြောင်း၊ မေယုတောင်တန်းတွင်လည်း နယ်မြေရှင်းလင်းမှုများ မပြီးပြတ်သေးကြောင်း၊ ဒေသခံများအတွက် လုံခြုံမှု စိတ်ချရသည်အထိ လုပ်ဆောင်ရန် လိုကြောင်း၊ ၂၀၁၆ အောက်တိုဘာ ဖြစ်စဉ်ကြောင့် တပ်များဖြင့် နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ဇန်နဝါရီတွင် စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုထပ်မံ ဖြစ်ပွားလာသည့်အတွက် တပ်များ ဝင်ရောက်ရခြင်း ဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှု အခြေအနေပေါ် မူတည်၍ တပ်များ၏ လုပ်ဆောင်မှုကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် Mr.Kofi Annan က သတင်းအဖွဲ့များနှင့် လူသားချင်းစာနာရေး အကူအညီပေးသည့် အဖွဲ့အစည်းများအား ဒုက္ခသည် စခန်းများသို့ လုံခြုံရေးအရ သွားလာခွင့် မပြုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းအဖွဲ့များအား သွားလာခွင့် ပေးထားကြောင်း၊ မှန်မှန်ကန်ကန် ရေးသားရန်သာ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် လူသားချင်းစာနာမှု အကူအညီပေးသည့် လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်လျက် ရှိသော်လည်း ၎င်းထောက်ပံ့ရေး ပစ္စည်းများအား အကြမ်းဖက်သမားများ၏ စစ်ရေးလေ့ကျင့်ရေး စခန်းများတွင် တွေ့ရှိရခြင်းအား စဉ်းစားသုံးသပ်ရန် လိုကြောင်း၊ ဒုက္ခသည်စခန်းတွင် နေထိုင်၍ စားနပ်ရိက္ခာများ ရယူပြီး တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်နေပါက အကြမ်းဖက် ကူညီသူဟု သတ်မှတ်ရမည် ဖြစ်ကြောင်း၊ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် တာဝန်ရှိသကဲ့သို့ ဒုက္ခသည်များကလည်း စိစစ်မှုကို ခံယူရန် တာဝန်ရှိကြောင်း၊ ဘင်္ဂါလီများ အနေဖြင့် စိစစ်ခံရန် လက်မခံမှုများအား အစီရင်ခံစာတွင် ထည့်သွင်းရေးသားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရသည်။

ဆက်လက်၍ ဘင်္ဂါလီများ၏ ပညာသင်ကြားခွင့်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၏ စီမံခန့်ခွဲမှုဖြင့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် ပညာရေးကျောင်း များစွာဖွင့်လှစ် ပေးထားသော်လည်း ဘာသာရေး ခေါင်းဆောင်များက အကြောင်းအမျိုးမျိုးပြ၍ သင်ကြားခွင့် မရစေရန် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များတွင် လာရောက် ပညာသင်ကြားနေသော ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများ ရှိကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စိစစ်ပြီးပါက ဥပဒေနှင့်အညီ ပညာရေး၊ ကျန်မာရေး စသည်ဖြင့် အခွင့်အရေးများ ပိုမိုရရှိမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ သုံးသပ် အကြံပြုပြောကြားရာတွင် ကော်မရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏ သဘောထား၊ တပ်မတော်၏ သဘောထား၊ ဒေသခံပြည်သူများ၏ သဘောထားများကို ခြုံငုံစဉ်းစား သုံးသပ်ရန်လိုကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားများက လက်ခံရန် အရေးကြီးကြောင်း၊ ရခိုင်တိုင်းရင်းသားများ လက်မခံပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ဘက်လိုက်၍ ထည့်သွင်း ရေးသားရန်မဟုတ်ဘဲ မျှတမှုရှိရန် အကြံပေးခြင်းသာ ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းနောက် Mr.Kofi Annan က ပွင့်လင်းစွာ ဆွေးနွေးမှု၊ မှတ်ချက်ပြုမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အစီရင်ခံစာ မထုတ်ပြန်မီ တပ်မတော်ဘက်မှ အကြံပြုချက် အချို့အား မိမိအစီရင်ခံစာတွင် ပြင်ဆင် ရေးသားခဲ့ပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်၍ ယခုတပ်မတော်မှ ဆွေးနွေးအကြံပြုမှုများ အားလုံးကို ပြင်ဆင်ရန် အခက်အခဲ ရှိပါကြောင်း၊ ယင်းအကြံပြုချက်များကို ပြန်လည်လေ့လာပြီး လိုအပ်လျှင် အချက်အလက် မှားယွင်းမှုအချို့ကို ပြင်ဆင်ချက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Most Read

Most Recent