မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုတ္တမတိုက်နယ်ဆေးရုံမှ လူနာများအား အရေးပေါ်ရွှေ့ပြောင်းခဲ့ရ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုတ္တမတိုက်နယ်ဆေးရုံမှ လူနာများအား အရေးပေါ်ရွှေ့ပြောင်းခဲ့ရ
Published 8 July 2018

မုတ္တမတိုက်နယ်ဆေးရုံမှ လူနာများအား ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ-မော်လမြိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့)

ဇူလိုင် ၇ ရက် ညနေပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုတ္တမမြို့ရှိ တိုက်နယ်ဆေးရုံဝင်းနှင့် ဆေးရုံအတွင်းသို့ ရေဝင်ရောက်ခဲ့ပြီး ဆေးရုံမှ လူနာများ အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မုတ္တမတိုက်နယ်ဆေးရုံမှ လူနာများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ ရာမည လူမှုကယ်ဆယ်ရေး အဖွဲ့၊ ကျိုက်ခနဲ နယ်မြေ ၁၆ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေး စသည့် မော်လမြိုင်မြို့မှ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မုတ္တမမြို့မှ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပေါင်မြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံ ပြည်သူများ ပူးပေါင်းကာ မုတ္တမတိုက်နယ် ဆေးရုံမှ ၊ မုတ္တမမြို့ရှိ မြစေတီနန်းဦး ပရိယတ္တိစာသင်တိုက်၊ ထိုမှ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံများသို့ လူနာပေါင်း ၃၂ ဦးအား ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လူနာများအား ဆေးရုံမှ ည ၇ နာရီမှ စတင်သယ်ဆောင်ပြီး ည ၈ နာရီအချိန်ထိ သယ်ယူပြီးစီးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ဇွန်လလယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်ကြီး၏ အရှေ့ဘက် စောင်းတန်းဘေးတွင် မြေပြိုကျခဲ့ပြီး စောင်းတန်းအနီးရှိ ဓာတ်လှေကား အနည်းငယ် တိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဓာတ်လှေကားအောက်ဘက် ဈေးဆိုင်ခန်းများမှ လူများအား ရွှေ့ပြောင်းခိုင်းခဲ့ရပြီး စေတီတော်ကြီး၏ အနောက်ဘက် စောင်းတန်းအနီးတွင်လည်း မြေပြိုကျမှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read