ပြည်ပနိုင်ငံများသို့ နှစ်စဉ် မြန်မာနိုင်ငံသား ခရီးသွား သုံးသန်းဝန်းကျင် သွားရောက်နေ

ပြည်ပနိုင်ငံများသို့ နှစ်စဉ် မြန်မာနိုင်ငံသား ခရီးသွား သုံးသန်းဝန်းကျင် သွားရောက်နေ
Published 7 July 2018

ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသားများ နှစ်စဉ်သုံးသန်းဝန်းကျင် ခရီးသွားမှုရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။

အများစုမှာ စီးပွားရေးနှင့် အားလပ်ရက်များမှာ အပန်းဖြေခရီးသွားကြသူများ ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများ၏ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်များနှင့် Online Influencers များ၏ ခရီးသွားအစီအစဉ်များကြောင့် လတ်တလော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားခရီးသွားနှုန်းသည် မြင့်တက်လျက်ရှိသည်ဟု သိရသည်။  ထိုင်းနှင့် စင်ကာပူသို့ အများဆုံးသွားလာကြပြီး နောက်ပိုင်းတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ သွားလာမှု များပြားလာကြောင်း သိရသည်။

“သုံးသန်းဆိုတာ လေယာဉ်နဲ့သွားတဲ့ လေကြောင်းလိုင်းတွေရဲ့ ဒေတာဖြစ်မယ်။ သွားတဲ့သူတိုင်းကတော့ Tourists မဟုတ် ဘူးလေ။ ကိုယ့် Business ကိစ္စ၊ အခြား ဆေးကုသဖို့ပဲဖြစ်ဖြစ် ပညာသင်ဖို့ပဲဖြစ်ဖြစ် အချို့ လည်း ရှော့ပင်တို့ အခြားအစိုးရကိစ္စနဲ့သွားတာလည်းဖြစ်နိုင်တယ်။ ဘာပဲပြောပြော ကိုယ့် မြန်မာနိုင်ငံသား ၅၃ သန်းထဲမှာ အစွန်းထွက်က ခရီးသွားပြီဆိုတာ ကျွန်တော်တို့အတွက် ဗီဇာဖြေလျှော့မှုတွေ၊ Passport  ဖြေလျှော့မှု တွေရှိလာလို့လည်း ပါသလို ကိုယ့်ဝင်ငွေတိုးတက်လာလို့လည်းပါတယ်။ ပြည်တွင်းမှာ သွားရတဲ့စရိတ်ထက် ပြည်ပက အိမ်နီးချင်း နိုင်ငံတွေလည်ရတဲ့စရိတ်က ပိုသက်သာလို့လည်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် Tour Operator  တွေအတွက် Direct အကျိုးဖြစ် စေတာပေါ့” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ခရီးသွားမှုနှုန်းကို လာမည့်နှစ်များတွင်  ပိုမိုမြင့်တက်ရန် မျှော်မှန်းထားသော်လည်း လက်ရှိတွင် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်ပခရီးသွားဈေးကွက်ကို ကိုင်လှုပ်မှုရှိကြောင်း သိရသည်။

“Outbound က နိုင်ငံရဲ ့စီးပွားရေးနဲ့လည်း ဆိုင်တယ်လေ။ အခု ဒေါ်လာဈေးက တက်လာတော့ သူတို့ Outbound Market ကို ကိုင်လှုပ်လိုက်တာပဲ။ နိုင်ငံခြားငွေရှိရင်တော့ အကြောင်းမဟုတ်ဘူး။ မရှိဘဲနဲ့ ပြန်ပြီး နိုင်ငံခြားငွေဒေါ်လာ ဝယ်ပြီးသွားရမယ်ဆိုရင် Outbound ကို စိန်ခေါ်မှုတစ်ရပ်ပဲ။ ဒါကြောင့် ကိုယ့်နိုင်ငံက ပို့ကုန်များများလုပ်ဖို့ လိုတယ်။ Export ဆိုတဲ့နေရာမှာ Trade တစ်ခုတည်း မဟုတ်ဘူး။ Tourism ကလည်း Export ပဲ။ အဲဒီတော့ Tourism မှာ ခရီးသည်များများ သွင်းနိုင်ရင် Arrival  တွေမှာ Value Tourists များများလာရင် ကိုယ့်တိုင်းပြည်ရဲ့ငွေဈေးလည်း ကောင်းလာမယ်” ဟု ဦးသက်လွင်တိုးက ပြောကြားသည်။

 

 

Most Read

Most Recent