ကချင်ပြည်နယ် ဝိုင်းမော်-ရွှေညောင်ပင်-တာလောကြီးလမ်းမကြီး တရုတ်တစ်ရှူးငှက်ပျောကားများ သွားလာခြင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီး

ကချင်ပြည်နယ် ဝိုင်းမော်-ရွှေညောင်ပင်-တာလောကြီးလမ်းမကြီး တရုတ်တစ်ရှူးငှက်ပျောကားများ သွားလာခြင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီး
Published 5 July 2018

ကချင်ပြည်နယ် ဝိုင်းမော်-ရွှေညောင်ပင်-တာလောကြီးလမ်းမကြီး ဆိုးဆိုးရွားရွား ပျက်စီးနေမှုကို တွေ့ရစဉ်

ကချင်ပြည်နယ် ဝိုင်းမော်-တာလောကြီး လမ်းမကြီးသည် တရုတ်တစ်သျှူးငှက်ပျောကားများ သွားလာမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း သတင်းရရှိသည်။

အဆိုပါလမ်းပိုင်း၏ အဓိကပျက်စီးမှုမှာ တာလောကြီးကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာကြား ၁၆ မိုင်အကွာအတွင်းဖြစ်ပြီး ကားများကိုဆွဲ၍ မောင်းနှင်နေရသည်မှာ တစ်ပတ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

တာလောကြီးတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက “လမ်းပျက်နေတာ တစ်ပတ်နီးပါးရှိပြီ။ ငါးမိုင်လောက် ဆိုးဆိုးရွားရွား ဖြစ်နေတာ။ အိမ်စီးကားတွေ သွားလို့မရတဲ့အဆင့်ပေါ့။ ဘီလေးဘက်ရုန်းတဲ့ ဖိုးဝှီးတွေက ရုန်းလို့ရသေးတယ်။ တရုတ်က ငှက်ပျောစိုက်ခင်းက ၂၄ ဘီးကားတွေက အစီးတွေဆယ်ချီပြီးသွားတာကြောင့် ပျက်တာ။ တန်ဆယ်ချီပါတဲ့ မြေသြဇာလား။ တခြားဟာတွေလား ကျွန်တော်တို့လည်း မသိရဘူးလေ။ မိုးကာတွေအုပ်ပြီး သယ်လာတယ်။ သယ်သွားတယ်။ လမ်းရောက်ရင်နစ်တော့ တစ်လမ်းလုံးပိတ်ရော။ သူတို့ကတော့ စိုက်ခင်းက ဘက်ဟိုးတွေနဲ့ ဆွဲထုတ်ကြတာလေ။ ရွာကားတွေက ဒုက္ခရောက်ကုန်တာ။ ကူညီကြပါဦး။ ကျွန်တော်တို့ကတော့ မိုးရာသီမှာ ဒီလိုတန်ချိန်များတဲ့ကားတွေ မသွားစေချင်ဘူး။ လမ်းက မခံနိုင်ဘူးလေ” ဟု ပြောကြားသည်။

ယင်းလမ်းပိုင်းပျက်စီးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးမှု မပြုလုပ်သေးကြောင်း၊ တရုတ်ငှက်ပျောစိုက်ခင်းကားများကို တန်ချိန်လျှော့ချစေခြင်း၊ လမ်းပြင်စေခြင်း စသည့် တာဝန်ယူမှုမျိုးလည်း ထားသင့်ကြောင်း ဒေသခံများက ဆိုသည်။

တာလောကြီးတိုက်နယ်တွင် ငှက်ပျောစိုက်ဧကပေါင်း ၁၀၀၀၀ ကျော်တွင် ယင်းလမ်းတစ်ကြောင်း တစ်ခုတည်းကိုသာ အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၀၁၇ ခုနှစ် မိုးရာသီတွင်လည်း ဆိုးရွားစွာပျက်စီးပြီး ဒေသခံများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။

တာလောကြီး-ရွှေညောင်ပင် ၁၆ မိုင် ကားလမ်းကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဇော်တို့ ဦးစီးဖွင့်လှစ်ခဲ့ပြီး ကျပ်သန်းပေါင်း ၃၆၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တာလောကြီးကျေးရွာသည် ဧရာဝတီမြစ်ရိုး အလယ်တိုက်ရှိ အဓိကကျသော တိုက်နယ်ကျေးရွာကြီးဖြစ်ကာ အိမ်ခြေပေါင်း သုံးထောင်ကျော်တွင် လူဦးရေ ၂၀၀၀၀ ဝန်းကျင် နေထိုင်ကြောင်း သိရသည်။