မိန်းကလေးနှစ်ဦးကို လက်ထပ်ပေါင်းသင်းမည်ဟုပြောဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သူနှစ်ဦးအား တွံတေးရဲစခန်းတွင် အမှုဖွင့်

မိန်းကလေးနှစ်ဦးကို လက်ထပ်ပေါင်းသင်းမည်ဟုပြောဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သူနှစ်ဦးအား တွံတေးရဲစခန်းတွင် အမှုဖွင့်
Published 2 July 2018

မိန်းကလေးနှစ်ဦးကို လက်ထပ်ပေါင်းသင်းမည်ဟု ပြောဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားသူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဇူလိုင် ၁ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ်နေ မ.....(၁၇)နှစ်သည် တရုတ်နိုင်ငံသို့ ရောင်းစားခံရပြီး မိသားစုမှ ပြန်လည်ခေါ်ဆောင်ခဲ့သောကြောင့် နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သိရသဖြင့် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တာဝန်ရှိသူများက သွားရောက် မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မေးမြန်းရာ မ.....(၁၇) နှစ်သည် ဧပြီလအတွင်းက ရွှေပြည်သာမြို့နယ်ရှိ အနှိပ်ခန်းတစ်ခန်းတွင် အလုပ်လုပ်ကိုင်နေစဉ် ဧရာဝတီတိုင်းဒေသကြီးနေ မ.....(၂၅)နှစ်နှင့် ရင်းနှီးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့ နှစ်ဦးမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အောင်အောင်နှင့် အငယ်ကောင်ဆို သူတို့နှင့်သိရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် မ....(၁၇) နှစ်မှာ ဆိုင်ရှင်ထံသို့ ခွင့်တောင်းပြီး တွံတေးမြို့ရှိ မိဘများထံပြန်ရန်ပြင်နေစဉ် ၎င်း၏သူငယ်ချင်း ဖြစ်သူ မ....(၂၅)နှစ်မှ လိုက်လည်ချင်သည်ဟု ပြောသဖြင့် ခေါ်ဆောင်ကာ ပြန်လာခဲ့ကြောင်း၊ ထိုသို့ပြန်လာစဉ် လမ်း၌ အောင်အောင်နှင့် အငယ်ကောင်ဆိုသူနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့က အငှားယာဉ်ဖြင့် နေအိမ်သို့လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်မှတစ်ဆင့် မ....(၁၇)နှစ်နှင့် မ....(၂၅) နှစ်တို့မှာ အောင်အောင်နှင့် အငယ်ကောင်တို့နှစ်ဦးနှင့်အတူ ရန်ကုန်မြို့တွင်းရှိ တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါနေရာသို့ အရောက်တွင် အောင်အောင်နှင့် အငယ်ကောင်တို့က မ....(၁၇) နှစ်တို့ နှစ်ဦးအား ချစ်ကြိုက်ကြောင်းနှင့် လက်ထပ်ပေါင်းသင်းလိုသည်ဟု ပြောဆိုသဖြင့် လက်ခံခဲ့ကြောင်း၊ ယင်းနောက် အောင်အောင်နှင့် အငယ်ကောင်တို့က မ....(၁၇) နှစ်တို့ နှစ်ဦးအား မန္တလေးမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါင်းသင်းနေထိုင်နေစဉ် အောင်အောင်၏ အဆက်အသွယ်ဖြင့် မ.....(၁၇)နှစ်တို့နှစ်ဦးအား မူဆယ်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ထပ်မံခေါ်ဆောင်သွားကာ တရုတ်အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် ယွမ် ၂၅၀၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ရောင်းစားခံခဲ့ရပြီးနောက် တရုတ်နိုင်ငံရှိ မြို့တစ်မြို့သို့ ရောက်ရှိစဉ် ခေါ်ဆောင်လာသည့် တရုတ်မိသားစုအား ဖုန်းဆက်ချင်ကြောင်း ပြောဆိုပြီး အနီးရှိ ဖုန်းဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်ကာ အဆိုပါ ဖုန်းဆိုင်ရှိလူများအား အကူအညီ တောင်းခဲ့ကြောင်း၊ ထိုသို့အကူအညီတောင်းသဖြင့် ယင်းဖုန်းဆိုင်မှ လူများက တရုတ်ရဲများသို့ ဖုန်းဆက်အကြောင်းကြားပေးခဲ့ပြီး ၎င်းတို့၏ အကူအညီဖြင့် မိဘများနှင့် အဆက်အသွယ်ရကာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိန်းကလေးနှစ်ယောက်စလုံးကတော့ အခုမြန်မာပြည်ထဲကို ပြန်ရောက်ပါပြီ။ သူတို့မိဘတွေက ရွှေလီကိုသွားခေါ်တယ်လို့ သိရတယ်။ ကျူးလွန်တဲ့လူနှစ်ဦးက ညီအစ်ကိုတွေလို့တော့ ပြောတယ်။ လောလောဆယ်တော့ စုံစမ်းတုန်းပေါ့နော်။ အခုသူတို့ နှစ်ယောက်ကို ဖမ်းမိဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှ အောင်အောင်နှင့် အငယ်ကောင်ဆိုသူတို့နှစ်ဦးကို တွံတေးမြို့မရဲစခန်းမှ (ပ) ၅၃၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent