၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ခံ ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးမည်ဖြစ်ပြီး ကျပ်သန်း ၂၈၀ လျာထားကြောင်းသိရ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ခံ ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးမည်ဖြစ်ပြီး ကျပ်သန်း ၂၈၀ လျာထားကြောင်းသိရ
Published 1 July 2018

ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းအချို့ ရေနစ်မြုပ် နေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ခံ ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန အနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မပြတ်ဆောင်ရွက်နေကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အနေဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာမှ စက်တင်ဘာအထိ) တွင် သဘာဝဘေးဒဏ်ခံ ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးမည်ဖြစ်ပြီး ကျပ်သန်း ၂၈၀ လျာထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီတို့ ပူးပေါင်းညှိနှိုင်း အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုပိုင်းကို ပိုမိုအားကောင်းရန် ဆောင်ရွက်ပြီး ဘေးဖြစ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊  ဘေးဖြစ်ပြီးနောက် ပြန်လည်ထူထောင်မှု အပိုင်းကို ပိုမိုကောင်းမွန်သည့် အခြေအနေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကြိုတင်ပြင်ဆင်မှုအပိုင်း အားကောင်းအောင် ဆောင်ရွက်ထားပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းသွားမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှု နည်းပါက ပြန်လည် ထူထောင်ရေးပိုင်းတွင် သက်သာသွားမည် ဖြစ်ကြောင်း၊ ယနေ့ကာလသည် ရာသီဥတု ပြောင်းလဲမှုကြောင့်  မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု စာရင်းများ ကောက်ယူပြီး ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဖြစ်ပေါ်ခဲ့သော သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု ၃၂၁၇၈၃ ဧကအတွက် ကျပ် ၄၃၄၉  ဒသမ ၁၃၅ သန်း ထောက်ပံ့ပေးနိုင်ရေး တင်ပြဆောင်ရွက်ထားကြောင်း၊ မိမိတို့တွင် အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် အနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ဆန်တန်ချိန် ၁၀၀၀ ရရှိထားရာ ယခု ၄၂၂ တန် ကျန်ရှိနေပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဆန်တန်ချိန် ၈၀၀ ရရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက  ပြောကြားခဲ့သည်။

၂၀၁၈ မေ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးရွာသွန်းမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် ဖြစ်ပွားခဲ့သည်။ ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းများတွင် ရေများပြည့်လျှံနေပြီး ဇွန် ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပွားပြီး ၎င်းနှင့်အတူ မုတ်သုံလေ အားကောင်းခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ရေကြီးရေလျှံခဲ့ခြင်း ဖြစ်သည်။