ချီဖွေမြို့နယ်တွင် ခိုးထုတ်ခံရသည့် ဖမ်းဆီးသစ်အကျန် တန် ၁၂၀၀ ကျော်ကို ကျပ်သိန်း ၆၀၀ ကျော်ဖြင့် ရောင်းချ

ချီဖွေမြို့နယ်တွင် ခိုးထုတ်ခံရသည့် ဖမ်းဆီးသစ်အကျန် တန် ၁၂၀၀ ကျော်ကို ကျပ်သိန်း ၆၀၀ ကျော်ဖြင့် ရောင်းချ
Published 30 June 2018

ချီဖွေမြို့နယ်တွင် ခိုးထုတ်ခံရသည့်ဖမ်း ဆီးသစ်အကျန် စကားဝါ၊ ထင်းရှူးတန် ၁၂၀၀ ကျော်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သိန်း ၆၀၀ ကျော်ဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။ အစိုးရကြမ်းခင်းဈေးဖြင့် တစ်တန်လျှင် ကျပ်ငွေငါးသောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟို ဌာနက ၄၅၅ တန်၊ ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာလေး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးယောနတို့ နှစ်ဦးထံ ၄၅၅ တန်၊ ပူတာအိုနဂါး ကုမ္ပဏီသို့ ၂၁၈ တန်၊ ဘိုလီဆာကုမ္ပဏီလိမီ တက်သို့ ၉၅ တန်စုစုပေါင်း ၁၂၂၃ တန်အား တစ်တန်လျှင် ကြမ်းခင်းဈေးငါးသောင်းဖြင့် ရောင်းချခဲ့ရာကျပ်ငွေ ၆၁၁ သိန်းငါးသောင်း ကျပ်ရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “ပြည်နယ်အစိုးရအစီအစဉ်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကြမ်းခင်းဈေးငါးသောင်းနဲ့ ရောင်းလိုက်ပါတယ်။ ပျောက်သွားတဲ့သစ်လုံး ၁၀၀၊ တန် ၁၂၀ အတွက်တော့ မရလိုက်တော့ဘူး။ စကားဝါနဲ့ ထင်းရှူးသစ်တွေပါ။ ပျောက် နေတာလည်းရှာတုန်းပေါ့။ ရန်ပုံငွေတွေ ပြည်ထောင်စုရန်ပုံငွေထဲ ထည့်ပြီးပါပြီ” ဟု ပြောကြားသည်။

ဖမ်းဆီးထားသည့် သစ်လုံး ၁၉၁၆ လုံး (တန် ၁၃၄၅ တန်ကျော်)ကို ပြည်ထောင်စုဝန်ကြီး ခွင့်ပြုချက်ဖြင့် ဒေသအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအသုံးပြုရန် ကချင်အထူး ဒေသ(၁)အတွက် တန် ၅၀၀၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် တန် ၅၀၀၊ ပူတာအိုနဂါးကုမ္ပဏီအတွင် တန် ၂၄၀၊ ဘိုဆာလီမီကာ ကုမ္ပဏီအတွက် ၁၀၅ တန်ကို စုစုပေါင်း ကြမ်းခင်းဈေး ၆၇၂သိန်းကျော်ဖြင့် ရောင်းချခဲ့သည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ မသွင်းသေးမီ အကြောင်းကြားဆဲ ကာလတွင် သစ်လုံးရေ ၁၀၀၊ တန်ချိန် ၁၂၂ တန်ရှိ သစ်များ မေ ၁၈ ရက်က တရုတ်နိုင်ငံသစ် မှောင်ခိုအဖွဲ့များက ကားအစီး ၄၀ ခန့်ဖြင့် ခိုးယူခြင်းခံရကြောင်း သိရသည်။ တချို့သော သစ်လုံးများကို ကားလမ်းဘေးတွင် ပစ်ချထားခဲ့ပြီး ဒေသတွင်းလမ်းတွင် စောင့်ကြပ်သည့် တပ်မတော်နှင့်အခြားအဖွဲ့အစည်းများအား မေးမြန်းသော်လည်း ဝါးတင်ကား ရှစ်စီးထွက်ခွာခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးံလအောင်က ဆိုသည်။ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက နိုင်ငံတော်သမ္မတထံ ချီဖွေနှင့် ဆော့လော်မြို့နယ်များမှ သစ်တောဌာနက ပိုင်ရှင်မဲ့ဖမ်းဆီးမိထားသည့် စကားဝါ၊ ထင်းရှူးသစ်များအားဌာနမှ စီမံခန့်ခွဲမှုမပြုရသေးမီ ခိုးယူခိုးထုတ်နေသူများအား အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် မေ၂၂ ရက်က တိုင်ကြားခဲ့သည်။