ဘင်္ဂါလီ ကျောင်းသားကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန် စီစဉ်

ဘင်္ဂါလီ ကျောင်းသားကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန် စီစဉ်
Published 28 June 2018

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရှိ တက္ကသိုလ် တက်ရောက်မည့် ဘင်္ဂါလီ ကျောင်းသား၊ ကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်းနှင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာနှင့် သံတွဲမြို့တို့တွင် အဝေးသင်ဌာနခွဲများ ဖွင့်ထားပြီး ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး စီမံထားကြောင်း သိရသည်။

ထိုသို့ စီစဉ်ရခြင်းသည် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအနေဖြင့် စစ်တွေတက္ကသိုလ်သို့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သော အရေးအခင်း နောက်ပိုင်းမှ စတင်ကာ တက်ရောက် သင်ကြားနိုင်ရန် အဆင်မပြေသည့်အတွက် ထိုသို့ စီစဉ်ရခြင်းဖြစ်ကာ ကျောင်းသားများ အဝေးသင်တက္ကသိုလ် စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ရေးနှင့် အနီးကပ်သင်တန်းများ တက်ရောက်နိုင်ရေးအတွက် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က “အဓိက ကတော့ ဘူးသီးတောင်၊ မောင်တောမှာရှိနေတဲ့ အစ္စလာမ်ကျောင်းသားတွေ အဝေးသင်ပညာရပ်ကို သင်နိုင်အောင်လို့ အဲဒီမှာ ကျောင်း အပ်တာတွေ လက်ခံမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးမယ်။ အနီးကပ်သင်တန်း ပို့ချမယ်။ စာမေးပွဲ ဖြေဆိုနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ အခုမှ စီစဉ်နေတုန်း ရှိပါသေးတယ်၊ တက်မယ့်လူတွေ ရှိမလားပေါ့၊ တက်မယ့် လူမရှိရင်တော့ ဖွင့်စရာမရှိဘူး။ သူတို့တက်မယ်၊ မတက်မယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်”ဟု ပြောကြားသည်။

ထိုသို့ ဖွင့်လှစ်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးတို့နှင့် ဆက်သွယ်ထားကြောင်း၊ တက္ကသိုလ်ဝင်ခွင့် ပုံစံစာရွက်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ဇူလိုင် ၁၆ ရက်တွင် ဝင်ခွင့်ပုံစံ စာရွက်များကို လက်ခံမည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent