KNU/KNLA (PC) စစ်ဗျူဟာ (၃) အမည်အသုံးပြု၍ စုမဲငွေ ကျပ်သိန်း ၄၀၀၀ ကျော် လိမ်လည်သွားသူများကို KNU/KNLA (PC) က မြဝတီရဲစခန်းသို့ လာရောက်အပ်နှံ အမှုဖွင့်

KNU/KNLA (PC) စစ်ဗျူဟာ (၃) အမည်အသုံးပြု၍ စုမဲငွေ ကျပ်သိန်း ၄၀၀၀ ကျော် လိမ်လည်သွားသူများကို KNU/KNLA (PC) က မြဝတီရဲစခန်းသို့ လာရောက်အပ်နှံ အမှုဖွင့်
Published 25 June 2018

ကရင်ပြည်နယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KNU/KNLA (PC) စစ်ဗျူဟာ (၃) အမည်အသုံးပြုပြီး ဒေသဖွံ့ဖြိုးရေး ဆေးခန်းရန်ပုံငွေအဖြစ် မဲလက်မှတ်များ ရောင်းချကာ ရက်ချိန်းအတိုင်း ပြန်လည်ထုတ်ပေးခဲ့ခြင်းမရှိဘဲ ကျပ်သိန်း ၄၀၀၀ ကျော်ဖိုး လိမ်လည်ခဲ့သူများကို KNU/KNLA (PC) က မြဝတီရဲစခန်းသို့ လာရောက်အပ်နှံပြီး အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

KNU/KNLA (PC) အမှတ် (၃) စစ်ဗျူဟာ၊ ကုန်သွယ်ရေးဌာန တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေသော ဦးကိုကိုနိုင်သည် ထိပ်တန်းအလှည့်ကျ စုမဲထုတ်ယူရေးလုပ်ငန်း လုပ်ကိုင်သူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့စုံစမ်းရာတွင် KNU/KNLA (PC) အမှတ် (၃) စစ်ဗျူဟာမှ ဆေးမှူးစောသိန်းဦး၊ ဦးမြင့်နှင့် ၎င်း၏ဇနီး ဒေါ်သိန်းအေး၊ ဦးမြင့်၏တပည့်များဖြစ်သော လင်းလင်းထိုက်၊ မှိုးမင်းလတ်၊ ရဲထက်၊ အောင်ခန့်တို့ ခုနစ်ဦးသည် မတ် ၂၉ ရက်မှစ၍ မြဝတီမြို့ကျောက်ဖျာဂိတ်တွင် ထိပ်တန်းအလှည့်ကျ ငွေစုငွေထုတ်လုပ်ငန်းကို KNU/KNLA (PC) စစ်ဗျူဟာအဖွဲ့အစည်းမှ ပြုလုပ်သကဲ့သို့ ပြည်သူများ ယုံကြည်အောင် ပြောဆိုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးကောင်စီ စစ်ဗျူဟာ ၃ ဆေးခန်းရန်ပုံငွေ အမည်ဖြင့် ဘောက်ချာများ ရိုက်နှိပ်ပြီး တစ်စောင်လျှင် ထိုင်းဘတ်ငွေ ၁၇၀ နှင့် ညီမျှသော မြန်မာငွေ ၇၂၀၀ ဖြင့် စောင်ရေ တစ်သောင်းခန့်ကိုလည်းကောင်း၊ တစ်စောင်လျှင် ထိုင်းဘတ်ငွေ ၃၅၀၊ ထိုင်းဘတ်ငွေ ၅၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေများဖြင့် စောင်ရေ သောင်းနှင့်ချီ ရောင်းချခဲ့ပြီး ပြန်လည်ထုတ်ပေးခဲ့ခြင်းမရှိဘဲ လိမ်လည်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်စီ၊ စစ်ဗျူဟာ (၃) မှ ဦးဆောင်သောအဖွဲ့နှင့် စုမဲဝယ်ယူထားသူ ပြည်သူများ၊ မြဝတီ လူမှုကွန်ရက်အဖွဲ့ တွေ့ဆုံညှိနှိုင်းခဲ့ရာ စုမဲဝယ်ယူထားသည့်ငွေ ပြန်လည်ရရှိမည်ဟု မျှော်လင့်ချက်ဖြင့် ဇွန် ၁၂ ရက်က ပြည်သူများသည် မြို့နယ်စုပေါင်းရုံးသို့ စုရုံးရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

မြဝတီမြို့တွင် ထိပ်တန်း အလှည့်ကျ စုမဲဝယ်ယူထားသူ ပြည်သူတစ်ရာကျော်ရှိပြီး တန်ဖိုး ကျပ်သိန်း ၄၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မိမိအရင်းထက် တိုးပွားလာမလား ဆိုသည့်စိတ်ဖြင့် ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့မှ ပြည်သူတစ်ရာကျော်က ဆန္ဒထုတ်ဖော်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။

ထိပ်တန်း အလှည့်ကျငွေထုတ်ယူသည့် လုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးကောင်စီ၊ စစ်ဗျူဟာ (၃)၊ ဆေးခန်းရန်ပုံငွေဟုဆိုကာ စုမဲလိမ်လည် ရောင်းချသည့်လုပ်ငန်းကို ကရင်ပြည်နယ် ကမမောင်း၊ မြဝတီနှင့် နဘူးကျေးရွာတို့တွင် လပေါင်းများစွာပြုလုပ်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ လိမ်လည်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ မြဝတီပြည်သူ ကိုသန့်ဇင်၊ ကိုကျော်မောင်၊ ကိုမှိုးဝင်း၊ ကိုနိုင်ဝင်း (ခ) ကိုမောင်ဝင်းတို့က တရားလိုပြုလုပ်ပြီး သတ်မှတ်ရက်ရောက်သော်လည်း စုငွေပြန်လည်ထုတ်ပေးခြင်းမရှိဘဲ စုကြေးငွေများ ပူးပေါင်း လိမ်လည်ရယူခဲ့ကြသော စောသိန်းဦး၊ ဦးမြင့်နှင့်အပေါင်းပါ ခုနစ်ဦးအား ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ စောသိန်းဦး (ဆေးမှူး) (၅၁ နှစ်) (ဘ) ဦးဘဲဝါး၊ ထို့ကော်ကိုး၊ ကော့ကရိတ်မြို့နယ်၊ ဦးမြင့် (၇၅ နှစ်) (ဘ) ဦးကွီ၊ ဒဂုံမြို့သစ်တောင်ပိုင်း ရန်ကုန်မြို့နှင့် လိပ်စာတူ၊ ဒေါ်သိန်းအေး (၅၁ နှစ်) (ဘ) ဦးဘို၊ လင်းလင်းထိုက် (၃၃ နှစ်)၊ (ဘ) ဦးကျော်မြင့်၊ အပြောင်ရွာ၊ ဖျာပုံမြို့ဧရာဝတီတိုင်း၊ မျိုးမင်းလတ် (၂၇ နှစ်) (ဘ) ဦးဇော်နိုင်၊ ရွှေဘိုစုရွာ ခရမ်းမြို့နယ်၊ ရဲထက် (၂၁ နှစ်)၊ (ဘ) ဦးမင်းမင်း၊ လှိုင်သာယာ၊ ရန်ကုန်၊ အောင်ခန့် (၁၈ နှစ်)၊ (ဘ) ဦးဝင်းနိုင်၊ လှိုင်သာယာ၊ ရန်ကုန်တိုင်းနေသူတို့ ခုနစ်ဦးအား မြဝတီမြို့မရဲစခန်းက (ပ) ၅၂၈/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၄၂၀/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။