ရာသီတုပ်ကွေးရောဂါ H1N1 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အကြံပြုချက်များပေးပို့

ရာသီတုပ်ကွေးရောဂါ H1N1 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အကြံပြုချက်များပေးပို့
Published 24 June 2018

ရာသီတုပ်ကွေးဖြစ်ပွားမှု ရှိနေသည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အပေါ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။

အဆိုပါ အကြံပြုချက်တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များသည့် ကာလများတွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ (SARI) လူနာများအား ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးပေးနိုင်ရန် Protocol များ ချမှတ်ဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြု စစ်ဆေးခြင်းများကို SARI Surveillance ပြုလုပ်နေသည့် Sentinel Site ဆေးရုံများရှိ ပြင်ပလူနာဌာနများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (ILI Surveillance) ပါ ဆောင်ရွက်ခြင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနများ အနေဖြင့် Teleconferences များ ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်း၊ Hospital Infection Control Committees မှ ဘဏ္ဍာငွေရရှိမှုနှင့်အညီ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်မှုလုပ်ငန်းများကို ဦးစားပေး သတ်မှတ်ခြင်း၊ National Antibiotic Stewardship Program ပေါ်ထွက်လာစေခြင်း၊ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးဆေးရုံများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ခြင်း၊ Hospital Acquired Infections များအတွက် စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် လုံခြုံစိတ်ချရသည့် ဓာတ်ခွဲခန်းများ တိုးမြှင့်တည်ဆောက်ခြင်းနှင့် ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှု မဖြစ်စေရေးအတွက် အရေးကြီး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ သုတေသန လုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်ရန် ဦးစားပေး သတ်မှတ်ခြင်းများကို ပြုလုပ်ရန် အကြံပြုထားသည်။

“ရာသီတုပ်ကွေးဖြစ်ပွားမှုများတဲ့ အချိန်တွေမှာ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။ နောက် ဗဟိုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံ တွေမှာ Risk Assessment များပြုလုပ်ဖို့၊ ရာသီတုပ်ကွေးရောဂါကာ ကွယ်ဆေးထိုးနှံမှု မူဝါဒတွေချမှတ်ဖို့ Pandemic Influenza Preparedness Plan အား အပြီးသတ်ရေးဆွဲ ထုတ်ဝေဖို့နဲ့ လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ရောဂါကာကွယ်ရေး ဝတ်စုံတွေ ဖြည့်ဆည်းထားဖို့ စတဲ့အချက်တွေကို အကြံပြုထားပါတယ်” ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာသန်းထွဋ်က ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် Pandemic Influenza Preparedness Framework နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ (၂၀၀၅) ပါ လုပ်ငန်းများအား ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးသွားမည် ဖြစ်ကြောင်းနှင့် ILI & SARI Sentinel Surveillance အဖြစ် ဆေးရုံကြီး ခုနစ်ရုံဖြစ်သည့် စစ်တွေဆေးရုံကြီး၊ မူဆယ်ဆေးရုံကြီး၊ မြစ်ကြီးနားဆေးရုံကြီး၊ မြဝတီဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးများတွင် ဆောင်ရွက်ရန် စီစဉ်ထားပြီး Sentinel Site များကို ထပ်မံတိုးချဲ့ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်း ကာလတွင် ပိုမိုဖြစ်ပွား ကူးစက်တတ်ရာ ဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို ရေးဆွဲ၍  ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

Most Read

Most Recent