ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တရားမဝင် တင်သွင်းလာသည့် ယာဉ်ယန္တရား ၆၀၀၀ ကျော်ရှိနေ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တရားမဝင် တင်သွင်းလာသည့် ယာဉ်ယန္တရား ၆၀၀၀ ကျော်ရှိနေ
Published 24 June 2018

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် လုပ်ငန်းခွင်ဝင်နေသော ယန္တရားကြီးများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တရားမဝင် ယာဉ်ယန္တရား ၆၀၀၀ ကျော်ရှိနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဆိုသည်။ ယင်းယန္တရားများကို မြန်မာကျောက်မျက်ရတနာ တူးဖော်ရေးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ လက်ရှိတွင် ယာဉ်ယန္တရား တင်သွင်းမှုကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထိန်းချုပ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က “ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ရတနာမြေထဲကို တရားမဝင် ယာဉ်တင်သွင်းမှုရှိခဲ့တယ် ဆိုတာကို မှတ်တမ်းတွေအရ သိရပါတယ်။ တာဝန်လွှဲပြောင်းခါနီးမှာ တရားမဝင်ယာဉ် တင်သွင်းမှုနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာတွေလည်း ရှိပါတယ်။ ကုန်းတွင်းကုန်သွယ်စခန်းဖြစ်တဲ့ ကန်ပိုင်တည် အစရှိတဲ့ နေရာတွေကနေ အခွန်ဆောင်ပြီး (Custom အခွန်) ဆောင်ပြီး ကညနရုံးမှာ ယာဉ်ယန္တရား မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ကနေစပြီး Custom ဂျူတီဆောင်ပြီး ကညနမှာ မှတ်ပုံမတင်တဲ့ ယာဉ်တွေကို ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်ပြီး ဖားကန့်-လုံးခင်း ရတနာမြေကို ကွင်းဆင်းစစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ ကညနမှတ်ပုံမတင်တဲ့ ယာဉ်ယန္တရား အစီးရေ ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မြန်မာ့ကျောက်မျက်ရတနာ တူးဖော်ရေးဌာနကပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အခုဒီဘက်ခေတ်မှာတော့ ဖားကန့်-လုံးခင်း ရတနာမြေကို ယာဉ်ယန္တရား တင်သွင်းခွင့်ကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ဝန်ကြီးဌာန နှစ်ခုရဲ့ ထောက်ခံချက်တွေရယူပြီး တင်သွင်းရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသသို့ တရားမဝင် ယာဉ်ယန္တရား တင်သွင်းသည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် စစ်ဆေးမှု ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်သောအဖွဲ့က ကချင်ပြည်နယ် ကန်ပိုင်တည် နယ်စပ်ဂိတ်သို့ သွားရောက် စစ်ဆေးခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မီးရထားဒုဝန်ကြီး ဦးချန်မောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စသုံးလုံး အရာရှိများနှင့်အတူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍ သွားရောက်စစ်ဆေးခဲ့ပြီး ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် အသုံးပြုနေသော ယာဉ်ယန္တရားများ မှတ်ပုံတင်မရှိမှု၊ အခွန်ကိစ္စရပ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ကျောက်စိမ်းနှင့်ပတ်သက် သည့်အချက်အလက်ဆိုင်ရာများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်အဖြစ် ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ဖားကန့်ဒေသတွင် ရောက်ရှိနေသည့် ယာဉ်ယန္တရားများကို စစ်ဆေးခဲ့သည်။ ယာဉ်ယန္တရားများကို အုပ်စုအလိုက်ခွဲပြီး ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ဇန်နဝါရီ ၂၃ ရက်အထိ ကုမ္ပဏီများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ယာဉ်ယန္တရားများ စစ်ဆေးရာတွင် ကုမ္ပဏီများ အနေဖြင့် သွင်းကုန်ကြေညာလွှာ (ID)၊ သွင်းကုန်လိုင်စင် (IL)၊ Moto Vehicle Statement၊ ယာဉ်ယန္တရားများ စစ်ဆေးချက် မှတ်တမ်းများ (Note Down) စသည့် စာရွက်စာတမ်းများကို အဓိက စစ်ဆေးခဲ့ကြောင်း သိရသည်။

စတုတ္ထအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အဂတိတိုက်ဖျက်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန် (ငြိမ်း)ဦးဆောင်အဖွဲ့က ဖားကန့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရဲ၊ ဌာနများနှင့် ကုမ္ပဏီများကို တစ်ပတ်နီးပါးကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများသို့ ယာဉ်ယန္တရား တင်သွင်းမှုနှင့် ပတ်သက်၍ လေးကြိမ် စစ်ဆေးပြီးနောက် အကောက်ခွန်၊ စီးပွား/ကူးသန်း ညွှန်ကြားရေးမှူးချုပ် နှစ်ဦးကို အငြိမ်းစားပေးခဲ့ပြီး ကချင်ပြည်နယ် အတွင်းရေးမှူးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။ ကန်ပိုင်တည် နယ်စပ်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း သုံးဦးကို ခြောက်လ လစာတိုးရပ်ဆိုင်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ၉၄ မိုင်ခန့်အကွာရှိ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်ယန္တရား အရေအတွက် ၈၈၀ ခွင့် ပြုခဲ့ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ကို ဒီဇင်ဘာ ၁၈ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

ဖားကန့် ကျောက်စိမ်းတူးဖော် ကုမ္ပဏီများသို့ ယာဉ်ယန္တရား တင်သွင်းသည့်ကိစ္စနှင့် ပတ်သက်၍ အငြိမ်းစားပေးခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းပြစ်ဒဏ်မှာ တရားမျှတမှု မရှိကြောင်း ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီ ခေါင်းဆောင်များက သုံးသပ်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် မေလစာရင်းအရ ဖားကန့်-လုံးခင်း ရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၁၈၇၉ ကွက်၊ အကျိုးတူ ၇၉ ကွက်၊ မိုးညှင်း မော်လူး-မော်ဟန် ရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၂၇၄၀ ကွက်၊ နန့်ယားဆိပ် ရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၂၇ ကွက်ရှိကြောင်း အစိုးရ စာရင်းများအရ သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသ၌ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသ တွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိ ရာတွင် NLD အစိုးရလက်ထက်တွင် သက်တမ်းကုန်များကို သက်တမ်းထပ်တိုးခွင့် မပြုဘဲ ထားရှိခဲ့ကြောင်း သိရသည်။