ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့သန့်စင်စက်ရုံအနီးရှိ လျှပ်စစ်မီးဖြန့်ဖြူးရေး စီမံကိန်းတွင် ကျန်နေခဲ့သည့် အိမ်ခြေ ၂၀ ကျော်ရှိကျေးရွာတစ်ရွာ လျှပ်စစ်မီးရရှိရေး ကျပ်သိန်း ၁၇၀ အကုန်အကျခံကာ မီးတိုင်များ ဝယ်ယူစိုက်ထူ

ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့သန့်စင်စက်ရုံအနီးရှိ လျှပ်စစ်မီးဖြန့်ဖြူးရေး စီမံကိန်းတွင် ကျန်နေခဲ့သည့် အိမ်ခြေ ၂၀ ကျော်ရှိကျေးရွာတစ်ရွာ လျှပ်စစ်မီးရရှိရေး ကျပ်သိန်း ၁၇၀ အကုန်အကျခံကာ မီးတိုင်များ ဝယ်ယူစိုက်ထူ
Published 24 June 2018

လျှပ်စစ်မီးတိုင် စိုက်ထူရာတွင် ကျေးရွာသားများ အပါအဝင် ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ မီးတိုင်များကို ထမ်းပိုးရွှေ့ပြောင်းနေစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့သန့်စင်စက်ရုံ အနီးရှိ လျှပ်စစ်မီးဖြန့်ဖြူးရေး ဘက်ဂျက်စီမံကိန်း ရေးဆွဲရာတွင် ကျန်နေခဲ့သည့် အိမ်ခြေ ၂၀ ကျော်ရှိ မဝိန်ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကျပ်သိန်း ၁၇၀ အကုန်အကျခံကာ လျှပ်စစ်မီးတိုင်များ ဝယ်ယူစိုက်ထူနေကြကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့သန့်စင်စက်ရုံအနီး လိပ်ခမော်ကျေးရွာအုပ်စု မလကျွန်း မဝိန်ကျေးရွာတွင် လျှပ်စစ်မီး မရရှိသေးသဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ကာ ဖြန့်ဖြူးပေးထားသည့် ပတ်ဝန်းကျင် ကျေးရွာများနည်းတူ လျှပ်စစ်မီး ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဘတ်ဂျက်စီမံကိန်း အခက်အခဲများကြောင့် ယနေ့အချိန်ထိ လျှပ်စစ်မီးမရရှိဘဲ ဖယောင်းတိုင်မီးနှင့် ဆီမီးခွက်၊ ထင်းမီးတွေကိုသာ သုံးစွဲနေရဆဲဖြစ်သဖြင့် လက်ရှိတွင် နေပြည်တော်အခြေစိုက် ကိုရီးယား-မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာဆယ်မာအူးလ်အွန် ဒုန်စီမံကိန်း (Saeman Undong Project in Myanmar) မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၂၀၀၀ မှ မြန်မာငွေကျပ်သိန်း ၁၇၀ ထုတ်ယူပြီး လျှပ်စစ်မီးတိုင်နှင့် သွယ်တန်းကြိုး၊ လုပ်အားခများ အပါအဝင် သုံးစွဲလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မဝိန်ကျေးရွာ လျှပ်စစ်မီးရရှိရေး ကော်မတီထံမှ သိရသည်။

“အစိုးရ မဟာဓာတ်အားလိုင်း လျှပ်စစ်မီးက ပတ်ဝန်းကျင်ကျေးရွာတွေ အကုန်လုံး ရရှိနေပြီ။ မလကျွန်းကျေးရွာမှာပါတဲ့ ကျွန်တော်တို့ မဝိန်ကျေးရွာမှာလည်း လျှပ်စစ်မီးရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကို အကြိမ်ကြိမ် တင်ပြတယ်။ လျှပ်စစ်ဌာနကိုလည်း ရွာသားတွေ လက်မှတ်ထိုးပြီး တင်တယ်။ စီမံကိန်းက ကျမလာဘူး။ လျှပ်စစ်မီး မရှိတော့ ကျေးရွာက အရင်အတိုင်း ဖယောင်းတိုင်မီး၊ ရေနံဆီ (ဒီဇယ်ဆီ) မီးနဲ့ ထင်းမီးတွေကိုပဲ သုံးစွဲနေရတယ်။ လျှပ်စစ်မီး ရရှိလာရင်တော့ ကလေးတွေ စာဖတ်စာကျက်ဖို့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာ ဖြစ်သလို ကျေးရွာဖွံ့ဖြိုးမှု အပိုင်းမှာလည်း အကျိုးပြုလာမှာပါ” ဟု မဝိန်ကျေးရွာမှ ဦးမောင်သုဝဏ်က ပြောကြားသည်။

မဝိန်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် လက်ရှိတွင် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် လိပ်ခမော်၊ မလကျွန်း ကျေးရွာသားများ အပါအဝင် လျှပ်စစ်မီးတိုင် စိုက်ထူရာတွင် ကုမ္ပဏီမှဝန်ထမ်းများနှင့် ပူးပေါင်းကာ ဝန်ချီကရိန်းစက်များ မပါရှိဘဲ မီးတိုင်များအား ထမ်းပိုးရွှေ့ပြောင်းခြင်း၊ စိုက်ထူခြင်း၊ မီးတိုင်စိုက်ထူရာတွင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိပြီး မီးတိုင်စိုက်ထူ သွယ်တန်းကြိုးများ တပ်ဆင်ပြီးစီးပါက မလကျွန်းကျေးရွာရှိ မဟာဓာတ်အားလိုင်းမှ ချိတ်ဆက်ကာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မီးတိုင်တွေကို မြို့ပေါ်က လျှပ်စစ်ဓာတ်အားလိုင်း ကျွမ်းကျင်သူတွေနဲ့ မီးတိုင်စိုက်ထူတာတွေ လုပ်နေပြီး တိုင်စိုက်ထူတဲ့ အပိုင်းပြီးရင် သွယ်တန်းကြိုးပါ တစ်ပါတည်း လုပ်ဆောင်သွားမှာပါ။ လုပ်ငန်းတွေ ပြီးစီးရင်တော့ လျှပ်စစ်ဌာနကို တင်ပြပြီးတော့ မီးရရှိရေး အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ။ မီးတိုင်ကတော့ တစ်တိုင်ကို ကျပ်သုံးသိန်းနဲ့ မီးတိုင် ၂၂ တိုင် အပါအဝင် 11-kv ဓာတ်အားလိုင်း သွယ်တန်းခနဲ့ဆို အားလုံးပေါင်း ကျပ်သိန်း ၁၇၀ နဲ့ စာချုပ်ချုပ်ဆိုပြီး ဝယ်ယူကြတာပါ” ဟု မဝိန်ကျေးရွာရှိ လျှပ်စစ်မီးရရှိရေး ကော်မတီဝင် ဦးစောလှက ပြောကြားသည်။

ကျောက်ဖြူမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးချမ်းမြေ့အောင်က “ကျွန်တော်သိသလောက်တော့ ဆယ်မာအူးလ်အွန်ဒုန်က သူတို့ကို ထောက်ပံ့ကြေးပေးတယ်နဲ့ တူပါတယ်။ ဒီမီးရဖို့အတွက် တောင်းတာပေါ့ဗျာ။ လမ်းတောင်းတာတော့ရှိတယ်။ မီးတောင်းတာတော့ ရှိတယ်တဲ့ဗျ။ ကုမ္ပဏီတစ်ခုနဲ့ လုပ်ချင်ပါတယ်ပေါ့။ လုပ်ချင်တယ်ဆိုရင် ဟုတ်ပြီ၊ အဲတာဆိုလည်းနေဦး၊ ကျွန်တော်တို့ဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဌာနရဲ့ ခွင့်ပြုမိန့်တွေ တောင်းရဦးမယ်ပေါ့။ အဲဒီတိုင်တွေဘာတွေ ကြိုသယ်လိုက်တယ်ပေါ့။ ကျွန်တော် သိရသလောက်တော့။ တိုင်တွေကြိုသယ်လိုက်တယ်။ ကျွန်တော်တို့ ဘက်ကတော့ ဘာမှဌာနရဲ့ ခွင့်ပြုချက်ကတော့ မပေးရသေးဘူး။ အခုမှပဲ ဥက္ကဋ္ဌကို ခေါ်ထားတယ်။ ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုပါ ယူလာပေးဖို့ ပြောထားပါတယ်” ဟု မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ကျောက်ဖြူမြို့ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးချမ်းမြေ့အောင်က ပြောကြားသည်။

ကျောက်ဖြူမြို့နယ်အတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျေးရွာပေါင်း ၃၀ ကျော်အား ၂၀၁၈ ခုနှစ် ယခုလအချိန်အထိ ငါးနှစ်ကျော် ကာလအတွင်း မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

Most Read

Most Recent