မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာဗလီတွင် ခွင့်ပြုချက် မရှိဘဲ ဝတ်ပြုကိုးကွယ်မှုများပြုလုပ်နေသဖြင့် တာဝန်ရှိသူတို့က သတိပေးခြင်းများပြုလုပ်ပြီး ဗလီကို သော့ခတ်ပိတ်ပင်

မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာဗလီတွင် ခွင့်ပြုချက် မရှိဘဲ ဝတ်ပြုကိုးကွယ်မှုများပြုလုပ်နေသဖြင့် တာဝန်ရှိသူတို့က သတိပေးခြင်းများပြုလုပ်ပြီး ဗလီကို သော့ခတ်ပိတ်ပင်
Published 23 June 2018

မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာဗလီတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ တရားဝင် ဝတ်ပြုဆုတောင်းကိုးကွယ်ခွင့်မပြုသော်လည်း မိမိသဘောဆန္ဒအလျောက်ဝင်ရောက်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများ ပြုလုပ်နေသဖြင့် မလိုလားအပ်သော ပြဿနာများဖြစ်လာနိုင်သဖြင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီက ထိုသို့ ဝင်ရောက်ခြင်းများ၊ ဝတ်ပြုကိုးကွယ်ခြင်းများ မပြုလုပ်ရန်သတိပေးတားမြစ်ခဲ့ပြီး ပိတ်ပင် ထားသော ဗလီအား ဇွန် ၂၂ ရက်က ပြန်လည် သော့ခတ်ပိတ်ခဲ့ရကြောင်း သိရသည်။

“ဗလီဖွင့်ခွင့်ပေးထားတာက ကျွန်တော်တို့ သိထားတာက ငါးလုံးပါ။ ကျွန်တော်တို့ သိထားတဲ့ဌာနဆိုင်ရာစာရင်းက ဗလီငါးလုံးပဲရှိတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းပြန်ပြီး ဖွင့်လှစ်ဝတ်ပြုခွင့်ပေးထားတာက ဗလီငါးလုံးပါ။ ပြန်ပြီးတော့ ဝတ်ပြုခွင့်ပေးထားတဲ့တရားဝင် စာရင်းထဲမှာ ဒီစက်ပစ်တောင်ဗလီမပါပါဘူး။ သာသနာရေးက ဦးဆောင်ပြီးဆောင်ရွက်တာ မဟုတ်ပါဘူး။ ဘာသာရေးဆိုတော့ ကျွန်တော်တို့ကတော့ ပါတာပေါ့။ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ခေါ်သွားလို့ ကျွန်တော်တို့က လိုက်ဆောင်ရွက်ရတာပါ”ဟု မိတ္ထီလာခရိုင် သာသနာရေးဦးစီးမှူး ဦးကိုကိုအောင်က ပြောကြားသည်။

မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးညွန့်ထွန်းက “၂၀၁၃ ခုနှစ်ကတည်းက ပိတ်ထားတဲ့ စက်ပစ်တောင်ဗလီပါ။ အဲဒီဗလီက ကြာလာတော့ တံခါးတွေ ဘာတွေပျက်စီးပြီး ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်နေကြတော့ အုပ်ချုပ်ရေးမှူးတို့၊ ဘာတို့က အဖွဲ့စုံနဲ့ မြို့နယ်စီခန့်တွေ ပြန်လည်စိစစ်ပြီးတော့ တံခါးတွေ ပိတ်တာပေါ့။ ပိတ်ထားတဲ့ တံခါးတွေက ဖျက်ထားတာတွေရှိတော့ တံခါးပတ္တာတွေ ဘာတွေ ပြန်ပိတ်တာပေါ့။ ကျန်တာတော့ ဘာမှမရှိပါဘူး။ အားလုံးအေးဆေးပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဝတ်ပြုလို့ရတာ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ တရားဝင်ခွင့်ပြုထားတာ ရတနာမာရ်အောင်ရပ်ကွက်မှာ သုံးခု။ နန်းတော်ကုန်းရပ်ကွက်မှာ နှစ်ခုရှိတယ်။ အခု စက်ပစ်တောင်ဗလီက အရေးအခင်းပြီးခါစ မှာတက်ကြတယ်။ ကြားထဲမှာ ပိတ်လိုက်တယ်။ ပြဿနာက ဘာလဲဆိုတော့ အဲဒီရွာမှာရှိတဲ့ ပုဂ္ဂိုလ်တွေက သွားမှုလာမှုခက်တဲ့အခါကျတော့ အိမ်တွေမှာဝတ်ပြုကြတာ။ အဲဒီလိုစုပြီး ဝတ်ပြုကြတော့ အသံထွက်လာကြတယ်။ အဲဒါနဲ့  တချို့လူကြီးတွေက ဒီလိုတော့မဖြစ်သေးဘူး။ ရေရှည်မကောင်းဘူးဆိုပြီး ဒီဗလီထဲမှာ ဝတ်ပြုရင်ကောင်းလိမ့်မယ်။ သက်ကြီးရွယ်အိုတွေ ဝတ်ပြုကြမယ်ဆိုပြီး ဝတ်ပြုတာတွေ ဘာတွေလုပ်ကြတယ်။ သူတို့ရွာသား တွေဘက်က ကြည့်ရင်လည်း ဒီဗလီမှာ ဝတ်ပြုလို့ရတယ် ထင်ကြတယ်။ ကျန်တဲ့ အခြေအနေကတော့ အားလုံးငြိမ်ပါတယ်။ ရဲတွေကတော့ လူတွေကို ဘာမှမလုပ်ပါဘူး။ အားလုံး ပိတ်သွားပြီး ထိန်းသွားကြပါတယ်” ဟု  မိတ္ထီလာမြို့နေ  အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။

“ဒီနေ့က အစ္စလာမ်တွေ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့။ ဘာပဲလုပ်လုပ် ဒီလိုသောကြာတော့ မလုပ်သင့်ဘူးထင်တယ်။ မတော်တဆတစ်ခုခုဖြစ်ရင် ဘယ်သူတာဝန်ယူမှာလဲ။ မိတ္ထီလာမြို့က တည်ငြိမ်ပေမယ့် ထိလွယ်ရှလွယ်တဲ့ အခြေအနေမှာရှိတယ်” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က ဈေးအရှေ့ပြင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေအရောင်းအဝယ်ပြုလုပ်ရာမှ သုံးရက်ကြာ အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၄၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းသိရသည်။ ထို့သို့ ၂၀၁၃ ခုနှစ် မတ်လ မိတ္ထီလာပဋိပက္ခဖြစ်ခဲ့ခြင်းကြောင့် မိတ္ထီလာမြို့ခံ ဗုဒ္ဓဘာသာနှင့် အစ္စ လာမ်ဘာသာဝင် အိမ်ထောင်စုများစွာ ကယ်ဆယ်ရေး စခန်းများတွင် တစ်နှစ်ကျော် ခိုလှုံ ခဲ့ရပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် မိတ္ထီလာမြို့စီးပွားရေး တိုးတက်မှုအခြေအနေနှေးကွေးခဲ့ကာ လက်ရှိတွင် မြို့အခြေအနေမှာ တည်ငြိမ်အေးဆေးလျက်ရှိသော်လည်း စိုးရိမ်ပူပန်မှုများရှိနေဆဲ ဖြစ်ကြောင်း သိရသည်။