ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဗလဗကျေးရွာ ကမ်းပြိုမှုကြောင့် နေအိမ် ၃၀ နီးပါး ရွှေ့ပြောင်းထားရပြီး မြေဈေးနှုန်းကြီးမြင့်မှုကြောင့် နေထိုင်ရေး အခက်အခဲများကြုံတွေ့နေ

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဗလဗကျေးရွာ ကမ်းပြိုမှုကြောင့် နေအိမ် ၃၀ နီးပါး ရွှေ့ပြောင်းထားရပြီး မြေဈေးနှုန်းကြီးမြင့်မှုကြောင့် နေထိုင်ရေး အခက်အခဲများကြုံတွေ့နေ
Published 23 June 2018

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းနေရသူများအား တွေ့ရစဉ်

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဗလဗကျေးရွာမှာ ယခုဇွန်လကုန်ပိုင်းတွင် ကမ်းပြိုမှုကြောင့် နေအိမ် ၃၀ နီးပါး ရွှေ့ပြောင်းထားရပြီး မြေဈေးနှုန်းကြီးမြင့်မှုကြောင့် နေအိမ်ရွှေ့ပြောင်းထားရသူများမှာ နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် မြေနေရာ ဆုံးရှုံးခဲ့သူများမှာ လက်ရှိတွင် နီးစပ်ရာဆွေ မျိုးများထံ နေထိုင်နေရပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာခြင်းကြောင့် ဝယ်ယူနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲများကြုံတွေ့နေကြောင်း သိရသည်။

“ကမ်းပြိုမှုကြောင့် အိမ်တွေ ဆက်တိုက်ရွှေ့နေရပါတယ်။ ဒီနေ့ (ဇွန် ၂၂ ) မှာ အိမ်သုံးလုံး ထပ်ဖျက်တယ်။ မနက်ဖြန် (ဇွန် ၂၃) မှာ အိမ်နှစ်လုံး ထပ်ဖျက်ပါမယ်။ မြေဈေးတွေကလည်း တက်နေတော့ ဆွေးမျိုးအိမ်ဝိုင်းထဲ တဲတစ်လုံးစာနေရာလေးတောင်း တဲထိုးနေကြရတယ်။ မနှစ်က မြေတစ်ဧက သိန်း ၇၀  လောက်ပဲရှိတယ်။ အခု သိန်း ၁၀၀ ကျော်ရမှ ရောင်းမယ်ပြောနေတော့ ဘယ်လိုမှ မဝယ်နိုင်ဘဲ အခက်အခဲဖြစ်နေတယ်” ဟု ဗလဗကျေးရွာမှ ဦးအေးမောင်ထွန်းက ဆိုသည်။

ရေစကြိုမြို့နယ် ဗလဗကျေးရွာမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကျကာလတွင် ကမ်းပြိုမှုကြောင့် နေအိမ် ၆၈ လုံး ရွှေ့ပြောင်းခဲ့ရပြီး ယခုနှစ် ရေတက်ကာလ စတင်ချိန်တွင် ကမ်းပြိုမှု ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် နေအိမ် ၃၀ နီးပါး ထပ်မံရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။

“စိုက်ပျိုးချိန်ကလည်း နည်းနေပြီဆိုတော့ ရှိတဲ့မြေရောင်းလိုက်ရင် ထပ်စိုက်စရာ မရှိတော့ဘူး။ မဖြစ်လို့မှ ရောင်းရမယ်ဆိုလည်း တခြားလုပ်ငန်းပြောင်းနိုင်လောက်တဲ့ ဈေးရမှ ရောင်းကြမယ့်သဘော ဖြစ်နေတယ်။ မြေမရှိတဲ့သူမှာလည်း မြေလိုချင်။ မြေရှိတဲ့သူကလည်း ဒါရောင်းလိုက်ရင် စိုက်ပျိုးစားစရာ မရှိဖြစ်မယ်။ အားလုံးခက်ခဲနေကြတာပဲ” ဟု ဗလဗကျေးရွာသားတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဗလဗကျေးရွာဒေသခံများမှာ ရေတိုက်စားမှု သက်သာစေရေးအတွက် အများပြည်သူ လှူဒါန်းငွေများဖြင့် ကမ်းပါးခြေတွင် သစ်ကိုင်းများ၊ သဲအိတ်များအား ကြိုးဖြင့်ချည်နှောင် ထားခြင်းများ ပြုလုပ်ကာကွယ်နေရကြောင်း သိရသည်။

ကမ်းပြိုမှုကြောင့် လူနေအိမ်များသာမက ကျေးရွာဘုန်းတော်ကြီးကျောင်းကိုလည်း ဖျက်သိမ်းရွှေ့ပြောင်းထားရပြီး ရှေးယခင်အဆက်ဆက် တည်ထားကိုးကွယ်သည့် ကျေးရွာရှိ ရွှေဘုံသာစေတီမှာလည်း မြစ်အတွင်း ပြိုကျမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင်း ချင်းတွင်းမြစ်ကမ်းနံဘေးရှိ မီးလောင်ကျွန်း ၊ ချင်းယားနှင့် ပခန်းငယ်ကျေးရွာတို့တွင် ယခုနှစ် မြစ်ရေ တက်ကာလစတင်ချိန် ဇွန်လတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်နေပြီး နေအိမ် ၂၅ လုံး ရွှေ့ပြောင်းထားရကြောင်း သိရသည် ။

ရေစကြိုမြို့နယ်တွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်နံဘေးကျေးရွာများ ကမ်းပြိုမှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ ဇွန် ၂၃ ရက်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။