မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်ပိုင်း စိုက်ပျိုးသူမဲ့လယ်မြေများကို စပါးစိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် UEHRD သို့ တင်ပြထားကြောင်း သိရ

မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်ပိုင်း စိုက်ပျိုးသူမဲ့လယ်မြေများကို စပါးစိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် UEHRD သို့ တင်ပြထားကြောင်း သိရ
Published 21 June 2018

မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်ပိုင်း စိုက်ပျိုးသူမဲ့လယ်မြေများကို စပါးစိုက်ပျိုးရေး လုပ်ကိုင်နိုင်ရေးအတွက် UEHRD သို့ တင်ပြထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။

“မောင်တောက လယ်တွေမှ တိုင်းရင်းသားတွေကတော့ ကိုယ့်လယ်ကိုယ်စိုက်ကြပါမယ်။ ဒါပေမဲ့ နေရပ်စွန့်ခွာသွားသူတွေကတော့ သူတို့ပြန်လာတဲ့အခါမှပဲ စိုက်နိုင်ပါမယ်။ အခုလောလောဆယ်တော့ ဒါတွေကို စာရင်းပြုစုပြီး ပြည်ထောင်စုကို တင်ပြထားပါတယ်။ ကုမ္ပဏီတွေကလည်း ထဲထဲဝင်ဝင် တင်ပြတာ မရှိသေးပါဘူး။ အခု ရခိုင်ပြည်နယ်တစ်ခုလုံးမှာတော့ ကိုယ့်ဘတ်ဂျက်နဲ့ နိုင်သလောက် မျိုးစပါးတို့ ပံ့ပိုးနေပါတယ်။ မိုးစပါးစိုက်ဖို့အတွက် တိုင်းရင်းသားကျေးရွာတွေက လိုအပ်ချက်တွေကို ကျွန်တော်တို့ဆီကို တရားဝင်တင်ပြရင် ကူညီပေးဖို့ အဆင်သင့် ရှိပါတယ်။ ထောက်ပံ့နေပါတယ်။ တမန်းသား ကျေးရွာကဆိုရင် လိုအပ်တယ်လို့ပြောလို့ ကျွန်တော်တို့က စက်တွေပေးထားတယ်။ မျိုးစေ့တွေကိုလည်း လိုသလောက်ပံ့ပိုးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေကို တရားဝင် လာတင်ပြတာတော့ မရှိပါဘူး။ အခုတော့ ပိုင်ရှင်မဲ့လယ်တွေနဲ့ပတ်သက်လို့ ဘာမှဆုံးဖြတ်ချက်မရသေးပါဘူး” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ်သုံးခုတွင် ပိုင်ရှင်မဲ့စပါးဧကပေါင်း ရှစ်သောင်းနီးပါးခန့် ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် ပိုင်ရှင်မဲ့စပါး ဧက ၄၉၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ဧက တစ်သောင်းကျော်နှင့် မောင်တောမြို့နယ်တွင် ဧက ၆၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ပိုင်ရှင်မဲ့ဖြစ်နေသည့် လယ်မြေများကို အလေအလွင့် မရှိအောင် စပါးစိုက်ပျိုးရေး လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီတချို့ကို လုပ်ကိုင်ခွင့်ပြုနိုင်ရေး ရခိုင်ပြည်နယ်အစိုးရက ဆောင်ရွက်ထားသော်လည်း ကုမ္ပဏီများမှ လာရောက်ကမ်းလှမ်းခြင်း မရှိသေးကြောင်းလည်း သိရသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မောင်တောမြို့နယ် ကျေးရွာဒေသအလိုက် နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း၍ ရိတ်သိမ်းခဲ့ရကြောင်း သိရသည်။