ဇွန်လအတွင်း ရေကြီးရေလျှံမှုကြောင့် ၄၄၀၀၀ ရေဘေးသင့်ခဲ့ပြီး ၁၈ ဦး သေဆုံး

ဇွန်လအတွင်း ရေကြီးရေလျှံမှုကြောင့် ၄၄၀၀၀ ရေဘေးသင့်ခဲ့ပြီး ၁၈ ဦး သေဆုံး
Published 21 June 2018

ဇွန်လအတွင်း ရေကြီးရေလျှံမှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်  ၄၄၀၀၀ ရေဘေးသင့်ခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ဇွန်လပထမပတ်ခန့် မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဇွန် ၁၉ ရက်အထိ စာရင်းများအရ ၄၄၀၀၀ ခန့် ရေဘေး ဒဏ်ခံစားခဲ့ရပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးလေဝသတင်းများနှင့် မြစ်ရေအခြေအနေ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ်သတိပြုရန် နှင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အချက်များကို လိုက်နာဆောင်ရွက်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျနိုင်သဖြင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားရန်၊ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ရန်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊ မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားရန်၊ မြွေနှင့် အဆိပ်ရှိသော သတ္တဝါများ၏ အန္တရာယ်ကို သတိပြုရန်  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။