မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာအချို့တွင် နေအိမ်များ တည်ဆောက်ပြီးစီးပြီဖြစ်၍ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း ကျေးရွာသားများမှာ အလုပ်လက်မဲ့ဖြစ်နေ မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာအချို့တွင် နေအိမ်များတည်

မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာအချို့တွင် နေအိမ်များ တည်ဆောက်ပြီးစီးပြီဖြစ်၍ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း ကျေးရွာသားများမှာ အလုပ်လက်မဲ့ဖြစ်နေ မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာအချို့တွင် နေအိမ်များတည်
Published 21 June 2018

ဆောက်ပြီးစီးပြီဖြစ်၍ နေအိမ်များ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း ကျေးရွာသားများမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ရွာမှာနေအိမ် ၁၀၄ လုံး ကို တည်ဆောက်ပြီးပါပြီ။ ကျေးရွာသားတွေ ကိုလည်းအပ်ပါပြီ။ အခုဆိုရင် ကျေးရွာမှာရှိတဲ့ မိသားစု ၈၆ စုကနေ အိမ်တွေမှာ နေထိုင်နေကြပါပြီ။ နေရေးကအဆင်ပြေပါတယ်။ စားဖို့လည်း ဒီတစ်လနှစ်လစာအတွက် ထောက်ပံ့ပေးထားတာ ရှိပါသေးတယ်။ ဒါပေမဲ့ ရွာသားတွေမှာ အလုပ်မရှိကြဘူး။ ငါးရှာ၊ ဟင်းရှာစားနေကြရတယ်။ အလုပ်မရှိ ဘဲဖြစ်နေကြတယ်။ ကျွန်တော်တို့က လယ်လုပ်ချင်တယ်။ ဒါပေမဲ့ လယ်စိုက်ဖို့ ဘာတစ်ခုမှ မရှိဘူး။ သက်ဆိုင်ရာလူကြီးတွေကိုတော့ လယ်စိုက်ချင်တယ်လို့ တင်ပြထားပါတယ်” ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောကြားသည်။

သစ်တုံးနားခွဆုံကျေးရွာမှ မြိုတိုင်းရင်းသားများအတွက် လှူဒါန်းခဲ့သည့် နေအိမ် ၄၄ လုံး၊ လမ်းနှင့် လက်နှိပ်ရေတုံကင်များကို ဇွန် ၁၆ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ် နှင့် လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများ၏ ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုး ကျပ် ၄၁၆၇ ဒသမ ၆ သိန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁၀ ရက်က သစ်တုံးနားခွဆုံကျေးရွာအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆောက်လုပ်လှူဒါန်းသည့် နေအိမ် အလုံး ၆၀ ကို ကျေးရွာသားများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်တုံးနားခွဆုံကျေးရွာသည်  UEHRD အစီအစဉ်ဖြင့် မောင်တောမြောက်ပိုင်းသွားလာရခက်ခဲသည့် မြိုတိုင်းရင်းသားကျေးရွာများ စုပေါင်းတည်ဆောက်ထားသည့် ကျေးရွာသစ်ဖြစ်ကြောင်း သိရသည်။ သစ်တုံးနားခွဆုံကျေးရွာသစ်တွင် မျောက်ခေါင်းတောင် ကျေးရွာမှ အိမ်ထောင်စု၂၀၊ လူဦးရေ ၁၀၄ ဦး ၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၆၉ ဦး၊ ပန်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇စု ၊ လူဦးရေ ၂၂၈ ဦးနှင့် အင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၇၀ နေထိုင်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် အိမ်ထောင်စု ၃၅ စုလည်း ယာယီတဲအိမ်များဖြင့် နေထိုင်နေကြောင်း သိရသည်။

ဆက်လက်၍ အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မောင်တောမြို ခုံတိုင်ကျေးရွာရှိ မြိုတိုင်းရင်းသားများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသော နေအိမ်အလုံး ၃၀ နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှူဒါန်းသောနေအိမ် ၁၈ လုံးတွင် မြိုတိုင်းရင်းသားမိသားစုဝင်များအား နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ခုံတိုင်ကျေးရွာတွင် ပူးပေါင်းနေထိုင်ရန် ရောက်ရှိနေသည့် ပန်စည်ရွာနှင့် ဆန်ပြာရွာမှ မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၂ စုမှာ တဲထိုးနေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ခုံတိုင်ရွာသားတွေကတော့ နေအိမ် ၄၈ လုံးရပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ အတူဆင်းလာကြတဲ့ ပန်စည်က ၁၀ အိမ်နဲ့ ဆန်ပြာကနှစ်အိမ်နေ အိမ်မရသေးဘူး။ အခုသူတို့ တာလဘတ်မိုးပြီးတဲထိုးနေ ကြရတယ်။ အလုပ်လည်းမရှိကြဘူး။ အရင်ကတော့ နန်းရာကိုင်းလမ်း၊ ခမောင်းဆိပ်လမ်းတွေမှာကျောက်ခွဲဖို့ အလုပ်လုပ်တယ်။ တစ်နေ့ကိုခုနစ်ထောင်၊ တစ်သောင်းရတယ်။ အခုတော့ အလုပ်လည်းမရှိကြဘူး။ ထိုင်နေကြရတယ်။ အရင်ကတော့ ကျွန်တော်တို့က တောင်ယာလုပ်ကိုင်စားသောက်တယ်။ အခုတော့ တောင်ယာကိုလည်း မသွားရဲမလာရဲဆိုတော့ အလုပ်လက်မဲ့ဖြစ်နေကြတယ်။ ရိက္ခာလည်းပြတ်နေပြီ” ဟု ခုံတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောကြားသည်။

အဆိုပါ ခုံတိုင် မြိုတိုင်းရင်းသားကျေးရွာကိုအနီးရှိ ပဒကားရွာသစ်နှင့် နတ်ချောင်းကျေးရွာအုပ်စုမှ ဘင်္ဂါလီရွာသားများက ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် ဝိုင်းဝန်းတိုက်ခိုက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ခုံတိုင်ကျေးရွာသားများထွက်ပြေးကြရာတွင် ကျန်နေသည့် ငါးနှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသားသုံးဦးနှင့် အသက်ကြီး အမျိုးသမီးနှစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ် ပဒကားရွာသစ်အုပ်စု ပဒကားခုံတိုင် မြိုရွာတွင်အိမ်ခြေ ၄၀ ရှိပြီး လူဦးရေ ၂၄၇ ဦး နေထိုင်ကြောင်းနှင့် ရွာသားများမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က မောင်တောမြို့နယ် ကိုင်းကြီး (မြို) တိုင်းရင်းသားများအတွက် ဆောက်လုပ်လှူဒါန်းသော နေအိမ် ၆၄ လုံးကို မေ ၁၉ ရက်ကလွှဲအပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း မီးရှို့ခံခဲ့ရသည့် ခုံတိုင်မြိုကျေးရွာ အပါအဝင် ကျေးရွာသုံးရွာ၌  နေအိမ်များဆောက်လုပ်ပြီးဖြစ်သဖြင့် ကျေးရွာသားအား နေအိမ်များ လွှဲပြောင်းပေးအပ်ပြီးဖြစ်သော်လည်း ကျေးရွာသားများမှာ အလုပ်လက်မဲ့ဖြစ်ကာ ထောက်ပံ့ရိက္ခာများဖြင့်သာ စားသောက်နေရကြောင်း သိရသည်။