လွှတ်တော်သို့ တင်သွင်းသော အဆိုတွင်ပါသည့် ဘင်္ဂါလီဟူသော စကားလုံးနှင့် ခေါင်းစဉ်စာသားအပြည့်အစုံကို လိုသလိုဖြတ်တောက် ဖော်ပြခဲ့သော အစိုးရသတင်းစာ မြန်မာ့အလင်းနှင့် ကြေးမုံအား အဆိုရှင်ကန့်ကွက်

လွှတ်တော်သို့ တင်သွင်းသော အဆိုတွင်ပါသည့် ဘင်္ဂါလီဟူသော စကားလုံးနှင့် ခေါင်းစဉ်စာသားအပြည့်အစုံကို လိုသလိုဖြတ်တောက် ဖော်ပြခဲ့သော အစိုးရသတင်းစာ မြန်မာ့အလင်းနှင့် ကြေးမုံအား အဆိုရှင်ကန့်ကွက်
Published 23 August 2017

လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုခေါင်းစဉ်မှ စာသားအပြည့်အစုံကို မဖော်ပြဘဲ လိုသလိုဖြတ်တောက်ဖော်ပြခဲ့သော နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအား အဆိုရှင်က ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။

အဆိုပါကန့်ကွက်စာ တင်ပြသူမှာ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သြဂုတ် ၂၁ ရက်နေ့စွဲဖြင့် ပေးပို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “သြဂုတ် ၁၈ ရက်က ကျွန်မအနေနဲ့ လွှတ်တော်မှာ အဆိုတစ်ခုတင်တယ်။ အဲဒီအဆိုမှာ ကျွန်မသုံးခဲ့တာက ဘင်္ဂါလီအစွန်းရောက် အဖွဲ့အစည်းလို့ သုံးခဲ့တယ်။ ဒါကို သြဂုတ် ၁၉ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဘင်္ဂါလီကိုဖြုတ်ခဲ့ပြီး အစွန်းရောက် အဖွဲ့အစည်းလို့သာ ဖော်ပြခဲ့တယ်။ ဒါကို Facebook တွေမှာ အများကြီးတင်လာတယ်။ ဒါနဲ့ပတ်သက်လို့ လွှတ်တော်မှာ ကိုယ်သုံးခဲ့တဲ့ အသုံးအနှုန်းတစ်ခုကို သတင်းစာမှာ ဆင်ဆာဖြတ်တောက် ဖော်ပြတာနဲ့ပတ်သက်လို့ ကန့်ကွက်တာဖြစ်ပါတယ်။ ဒီမတိုင်ခင် ၂၀၁၂ ခုနှစ်က တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက အဆိုတစ်ခု တင်ခဲ့တယ်။

အဆိုကို ပြည်ခိုင်ဖြိုးအပါအဝင် တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးခဲ့တာမှာလည်း ဘင်္ဂါလီလို့ပဲ သုံးခဲ့တယ်။ ဒါကြောင့် သတင်းစာဆိုတာ အမှန်အတိုင်း တင်ပြရတာဖြစ်တဲ့အတွက် ဘာကြောင့် အဲဒီလိုဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို မသုံးခဲ့တာလဲလို့ မေးတဲ့အခါ သတင်းစာကျင့်ဝတ်အရ လုပ်တယ်လို့ဖြေတယ်။ ဒီအဖြေကို ကျွန်မအနေနဲ့ သိပ်သဘောမကျဘူး။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်က ပေါ်ပေါ်တင်တင်နဲ့ သုံးထားတဲ့ အသုံးအနှုန်းတစ်ခုကို သတင်းစာမှာ ချန်လှပ်ထားခဲ့တာဟာ ဘာအတွက်လဲဆိုတဲ့ အမှန်တစ်ခု ဖြေရှင်းချက်ရချင်တယ်” ဟုပြောကြားသည်။

သြဂုတ် ၁၈ ရက်က ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ တင်သွင်းခဲ့သည့် ခေါင်းစဉ်မှာ “ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော ဘင်္ဂါလီလူမျိုးအစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့ကို များစွာထိပါး နှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်းပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” ဖြစ်ပြီး သြဂုတ် ၁၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာအလင်းနှင့် ကြေးမုံသတင်းစာတို့တွင် လွှတ်တော်ရေးရာ သတင်းဖော်ပြရာ၌ “ဘင်္ဂါလီလူမျိုး အစွန်းရောက်အဖွဲ့အစည်းများ” စာသားအစား “အစွန်းရောက် အဖွဲ့အစည်း” ဟုသာ ဆင်ဆာဖြတ်တောက်ပြီးမှ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုမှာ လွှတ်တော်မှတ်တမ်းတွင် ဖြတ်တောက်ထားခြင်းမရှိသကဲ့သို့ လွှတ်တော်ချယ်နယ်မှလည်း တစ်နိုင်ငံလုံးသို့ လွှင့်ထုတ်ပြီးဖြစ်ခြင်း၊ ဘင်္ဂါလီဆိုသည်မှာ နိုင်ငံတော်က တရားဝင်သုံးစွဲနေသော လူမျိုးအမည်လည်းဖြစ်သဖြင့် အဆိုခေါင်းစဉ်မှာ စာသားအပြည့်အစုံကို မဖော်ပြဘဲ မိမိလိုသလို ဖြတ်တောက်ဖော်ပြခဲ့သော လုပ်ရပ်အား ကန့်ကွက်ပါကြောင်းနှင့် အမှားပြင်ဆင်ချက် ပြန်လည်ဖော်ပြပေးနိုင်ပါရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

အဆိုရှင် ဒေါ်ခင်စောဝေအဆိုတွင် ပါရှိခဲ့သည့် ဘင်္ဂါလီလူမျိုးဆိုသည့် စကားလုံးကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းမရှိသည့်အတွက် ၁၉ ရက်မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဖုန်းဆက်ပြောကြားခဲ့ရာ တစ်ဖက်နှင့်တစ်ဖက် ပြဿနာဖြစ်နိုင်စေသည့် စကားလုံးဖြစ်သည့်အတွက် သတင်းစာကျင့်ဝတ်အရ ဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည့်အတွက် လွှတ်တော်တွင် ဆွေးနွေးချက်များသည် နိုင်ငံတော်ပြန်တမ်းတွင် ပါရှိပြီးဖြစ်သောကြောင့် ကန့်ကွက်လွှာပေးပို့မည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ၂၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင်လည်း ၂၀၁၂ ခုနှစ်၌ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ အရေးကြီးအဆို တင်သွင်းခဲ့စဉ်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် တိုင်းရင်းသားပေါင်းစုံမှ လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် ယခုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည် ဘင်္ဂါလီလူမျိုးဟု ထည့်သွင်းမဖော်ပြခြင်းကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

“အန်တီသည် ရခိုင်ပြည်နယ်မှာနေခဲ့တယ်။ ဘူးသီးတောင်ဇာတိဖြစ်တယ်။ ငယ်ငယ်လေးကတည်းက ဘူးသီးတောင်မှာကြီးလာတဲ့ သူတစ်ယောက်။ အန်တီတို့က သူတို့ကိုနာမည်က ဘင်္ဂါလီ၊ ခေါ်တော့ ကုလားလို့ခေါ်တယ်။ ဒီလိုတွင်တွင်ခေါ်လာတဲ့ နာမည်ကိုမှ နိုင်ငံတော်အစိုးရကမှ အခုတက်လာတဲ့ နိုင်ငံတော်အစိုးရကမှ ပြန်ကြားရေးဝန်ကြီးဌာနက ဘင်္ဂါလီလို့မဖော်ပြခြင်းဟာ အန်တီတို့ ရခိုင်တိုင်းရင်းသားတွေရဲ့ စိတ်တွေကို ခံစားစေပါတယ်။ နောက်တစ်ခါ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလူမျိုးဆိုပြီး တွင်တွင်တောင်းနေပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ ဘင်္ဂါလီလို့ မသုံးလိုက်ခြင်းအားဖြင့် ဘင်္ဂါလီတွေရဲ့စိတ်တွေကို တွန်းအားဖြစ်စေတယ်လို့ အန်တီမြင်တယ်။ ရိုဟင်ဂျာလူမျိုး အန်တီတို့နိုင်ငံမှာ မရှိဘူးဆိုတာကို သမ္မတဦးထင်ကျော်ကလည်း ပြောထားတယ်။ ကာချုပ်ကြီးကိုယ်တိုင်လည်း ပြောထားတယ်။ အန်တီကိုယ်တိုင်လည်း ပထမအကြိမ်လွှတ်တော်မှာ ရိုဟင်ဂျာ ရှိ မရှိကို မေးခွန်းမေးခဲ့တဲ့အခါ လဝက၀န်ကြီးဌာနကလည်း ရိုဟင်ဂျာ လုံးဝမရှိတဲ့အကြောင်းကို လာရောက်ဖြေဆိုပြီး ဖြစ်ပါတယ်။ အဲဒီတော့ သူတို့တောင်းဆိုနေတဲ့ လူမျိုးသည် အန်တီတို့နိုင်ငံမှာ လုံးဝမရှိဘူး။ သူတို့သည် ဘင်္ဂါလီလူမျိုးဖြစ်တဲ့အတွက် အန်တီအနေနဲ့ ဘင်္ဂါလီလူမျိုးရဲ့ အစစ်အမှန်ကို ဖော်ပြစေလိုတဲ့အတွက် အခုလိုပဲ ကန့်ကွက်စာ ပို့ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ယနေ့ (သြဂုတ် ၂၃ ရက်) တွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။