ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များအပေါ် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြု၍ လွှမ်းမိုးရန်ကြိုးပမ်းသည့်သဘော သက်ရောက်သည့်အတွက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ဟု ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြု

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များအပေါ် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြု၍ လွှမ်းမိုးရန်ကြိုးပမ်းသည့်သဘော သက်ရောက်သည့်အတွက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ဟု ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြု
Published 23 August 2017

 

သြဂုတ် ၂၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တွေ့ရစဉ်

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များအပေါ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြု၍ လွှမ်းမိုးရန် ကြိုးပမ်းသည့်သဘော သက်ရောက်သည့်အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ဟု ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ သြဂုတ် ၂၂ ရက်က အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီက မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေတစ်ခုလုံးအား ပြဋ္ဌာန်းရန်မသင့်ပါဟု ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီတို့က ပြဋ္ဌာန်းသင့်ကြောင်း တင်ပြခဲ့သဖြင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၃၅ မဲ၊ ကန့်ကွက်မဲ ၁၃၃ မဲနှင့် ကြားနေမဲ တစ်မဲဖြစ်သဖြင့် ထောက်ခံမဲများသောကြောင့် ဥပဒေကြမ်းကော်မတီ၏ အဆိုပြု တင်ပြချက်အတိုင်း လွှတ်တော်က ထိုသို့အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်အဖွဲ့ (MPU) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ MPU တွင် ပြည်ထောင်စုလွှတ်တော် နာယကက ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကအဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကကအတွင်းရေးမှူးဖြစ်ပြီး၊ MPU သည် လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်ခဲ့သည့် အဖွဲ့အ စည်းတစ်ခုဖြစ်ကာ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့တွင်လည်း အဆိုပါပုဂ္ဂိုလ်များပါဝင်ကြောင်း၊ လုပ်ထုံးလုပ်နည်းများကို ဥပဒေအဖြစ် သတ်မှတ်လိုက်သည်မှာလည်း အချက်အလက်များအားလုံး အတူတူပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၄(ခ)တွင် နာယကသည် လွှတ်တော်ရေးရာ ကိစ္စများကို ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ကို လွှတ်တော်၏သဘောတူညီချက်ဖြင့် ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားရာ MPU ဖွဲ့စည်းခြင်းသည် ဥပဒေနှင့်ညီညွတ်ပြီး MPU ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊ ထို့ပြင် ပြည်ထောင်စု လွှတ်တော် ဥပဒေပုဒ်မ ၈၄ ပုဒ်မခွဲ(ဂ)တွင် လွှတ်တော်သည် လွှတ်တော်ကိစ္စများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာလွှတ်တော်များ၏ ပြည်တွင်းပြည်ပ လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့်ဆက်သွယ်၍ ညှိနှိုင်း ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားကြောင်း ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းက ပြောကြားသည်။

“လွှတ်တော် ဆိုတာကတော့ ပြည်ထောင်စုလွှတ်တော်ပါ။ ညှိနှိုင်းဆောင်ရွက်ခွင့်ကို ပေးထားပါတယ်။ ယခုဥပဒေကြမ်းမှာ အဖွဲ့ဝင်များဟာ အဖွဲ့ရဲ့ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပြီးစီးကြောင်းကို လွှတ်တော်သို့ပြန်လည် အစီရင်ခံရမည်ဟုဆိုပြီးတော့ အခုအဖွဲ့ဥပဒေပုဒ်မ ၁၁ မှာပြဋ္ဌာန်းထားပါတယ်။ ညှိနှိုင်းဆောင်ရွက်တဲ့ သဘောမဆန်ဘဲ ဖွဲ့စည်းပုံအရ သီးခြား လွတ်လပ်တဲ့ လွှတ်တော်တွေကို အခန်းကဏ္ဍကို ဥပဒေပြုပြီး စိုးမိုးဖို့ကြိုးစားတယ်ဆိုတဲ့ သဘောသက်ရောက်ကြောင်း ကျွန်တော်တင်ပြလိုပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂(က)တွင် နိုင်ငံတော်၏ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ ခွဲေ၀ အပ်နှင်းသည်ဟု ပြဋ္ဌာန်းထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေပြုဇယား(၁)တွင်လည်း ယခုကဲ့သို့လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားခြင်းမရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များမှာ သီးခြား လုပ်ပိုင်ခွင့် ရှိသည့်အတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဟု ဥပဒေပြု၍ မရနိုင်ကြောင်း၊ MPU ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ညှိနှိုင်းဆောင်ရွက်၍သာရကြောင်း၊ ဥပဒေကို အကောင်အထည်ဖော်ရာတွင်လည်း တိုင်းဒေသကြီး/ပြည်နယ် လွှတ် တော်ဥက္ကဋ္ဌတစ်ဦးဦးက အဖွဲ့တွင် မပါဝင်လိုခြင်း သို့မဟုတ် အစည်းအဝေး မတက်ရောက်ခြင်း သို့မဟုတ် အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို မလိုက်နာခြင်းစသည့် အခြေအနေမျိုးဖြစ် ပေါ်လာပါက မည်သို့ဆောင်ရွက်မည်ဆိုသည့် အခက်အခဲများဖြစ်ပေါ်လာနိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အကြီးအကဲများသည်လည်း အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ယင်းတို့၏ လွှတ်တော်တွင် အတင်းအကောင်အထည်ဖော်၍ မရဘဲ လွှတ်တော်၏သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ရမည့် အကြီးအကဲဖြစ်သည့် အတွက် ယခင် MPU အနေဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်သင့်တော်ပြီး ဥပဒေပြုဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ထို့ကြောင့် ယင်းဥပဒေကြမ်းကို မပြဋ္ဌာန်းသင့်ကြောင်း ဦးဖေသန်းက ဆွေးနွေးတင်ပြသည်။

ယင်းနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဦးကျော်စိုးလင်းနှင့် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးတို့က ယင်းဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်အဖွဲ့များ၏ ဥပဒေပြုအာဏာကို ထိခိုက်စေခြင်း မရှိဘဲ ရည်ရွယ်ချက်ကောင်းများဖြင့် ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၈ အရ ဇယား(၁)နှင့်(၂) ဥပဒေပြု စာရင်းတွင်မပါရှိသော အခြား ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေပြုခွင့် အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်များ၏ အရည်အသွေးပြည့်၀ ခိုင်မာစေမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ(ခ)(ဂ) တို့အရ ဥပဒေနှင့်အညီ ဖွဲ့စည်းခြင်းဖြစ်သည့်အတွက် အဆိုပါဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်း တင်ပြခဲ့သဖြင့် ဥပဒေကြမ်း၏ အဆိုအပေါ် မူတည်၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသောကြောင့် ယင်းဥပဒေကို ပြဋ္ဌာန်းရန်သင့်ကြောင်း လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် ဆွေးနွေး အတည်ပြုခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းနှင့်ပတ်သက်၍ ကိုယ်စားလှယ်များ ဆွေးနွေးစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်စေရန် ဆွေးနွေးခဲ့သဖြင့် လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌအား ရှင်းလင်းတင်ပြရန် ပြောကြားသည်။

“မိမိအနေနဲ့ MPU နဲ့ပတ်သက်ပြီးမှ ရှင်းလင်းတင်ပြရမယ်ဆိုရင် မိမိတို့နိုင်ငံတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတာနဲ့အမျှ လွှတ်တော်အရပ်ရပ်တွေဟာ ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက်လာတဲ့အချိန်မှာ မိမိတို့ ပြည်ထောင်စုအဆင့်မှာကျတော့လည်း လွှတ်တော်ဝန်ထမ်းများရဲ့ ဖွဲ့စည်းမှုဟာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ စုဆောင်းပြီးမှ လွှတ်တော်

ယန္တရား လည်ပတ်နိုင်အောင်ဆိုပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့လို့ မိမိတို့ရဲ့အတွေ့အကြုံများအရ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ဆက်ဆံတဲ့နေရာမှာ သော်လည်းကောင်း၊ IAPa ထဲမှာ ပါဝင်ပြီးတော့ လုပ်ငန်းတာဝန်ယူရတဲ့ အပိုင်းမှာသော်လည်းကောင်း အလားတူပဲ IPU Inter Parliament Union ဆိုတဲ့ ကမ္ဘာ့ပါလီမန်နဲ့ ဆက်သွယ်တဲ့နေရာမှာသော် လည်းကောင်း မိမိတို့ ပြည်ထောင်စုအဆင့်မှာရှိတဲ့ အဖွဲ့အစည်း တာဝန်ဆက်သွယ် နေရတဲ့ အနေအထားမျိုး တာဝန်များ ရှိလာတဲ့အတွက် မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံနဲ့အညီ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်များပါ ပါဝင်လာအောင် ရည်ရွယ်ပြီးမှ MPU ကို ဖွဲ့စည်းလာရခြင်းပဲဖြစ်ပါတယ်။ အစောတုန်းက မိမိတင်ပြခဲ့သလိုပဲမိမိတို့ ပြည်ထောင်စုအဆင့်ကသာလျှင် နိုင်ငံတော်ကို ကိုယ်စားပြုပြီး ဆောင်ရွက်ခဲ့တဲ့အပိုင်း ရှိတဲ့အတွက် မိမိတို့ရဲ့ ဖွဲ့စည်းပုံအရဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကို မိမိတို့ချန် လှပ်ထားသလိုဖြစ်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပထမအကြိမ်သက်တမ်းမှာပဲ MPU ဆိုတာ ဖွဲ့စည်းရတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ စတင်ဖွဲ့စည်းလာတယ်ဆိုတဲ့ဟာကို မိမိအနေနဲ့ သိရှိခံယူခဲ့ပါတယ်။ တစ်ဆက်တည်းတင်ပြရမယ်ဆိုရင်တော့ မိမိတို့ဖွဲ့စည်းပုံအခြေခံဥပဒေဟာဆိုရင် လွှတ်တော် အသီးသီးတွေကို ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။ လွှတ်တော်အသီးသီးရဲ့ လုပ်ငန်းတာဝန်ဟာ ဥပဒေပြုရေးတာဝန်ဖြစ်ပါတယ်။ ဒီဥပဒေပြုရေး တာဝန်ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဥပမာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အဆင့်တွေမှာ ရောယှက်မှု မရှိအောင်ဆိုပြီးမှ ဥပဒေပြုရေးနဲ့ပတ်သက်ပြီးမှ ဒါဥပဒေပြုခွင့်တွေကို ဆောင်ရွက် နိုင်အောင်ဆိုပြီးမှ Schedule တွေကို ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အဲဒီဇယားအတိုင်းပဲ မိမိတို့ လိုက်ပါဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ မိမိအနေနဲ့ရှင်းလင်းအောင် တင်ပြရမယ်ဆိုရင် ဥပဒေပြုရေးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်း ပဋိပက္ခမရှိအောင်လည်း မိမိတို့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကန့်သတ်ထားပြီးဖြစ်ပါတယ်။ အလားတူပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း မဏ္ဍိုင်ကြီးသုံးရပ်ဟာ အတတ်နိုင်ဆုံး ပိုင်းခြားထားပါတယ်ဆိုတဲ့ဟာကိုတော့ မိမိတို့စွဲကိုင်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုလိုပဲ MPU စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာလည်း ဒီမူအပေါ်မှာ အခြေခံပြီး မိမိတို့ ဒါကို လက်စွဲကိုင်ပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယခုလို MPU ဖွဲ့စည်းတဲ့ အချိန်မှာလည်း ဥပဒေပြုရေးနဲ့ ဝင်ရောက်စွက်ဖက်မှုဟာ လုံးဝလုံး၀ မရှိနိုင်အောင် မိမိတို့ သတိကြီးစွာ ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ MPU ဖွဲ့စည်းခြင်းအားဖြင့် မိမိတို့ လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ကြုံတွေ့နေရတဲ့အ ခက်အခဲတွေကိုလည်း မိမိတို့ MPU အနေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဆိုတော့ မဏ္ဍိုင်ကြီးသုံးရပ်မှာ အုပ်ချုပ်ရေးလည်း အုပ်ချုပ်ရေး မဏ္ဍိုင်အနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေ အဖွဲ့အစည်းတွေကို လေ့ကျင့်ပြုစုပျိုး ထောင်ရှိပြီးသားဖြစ်ပါတယ်။ တရားစီရင်ရေး ကဏ္ဍမှာဆိုရင်လည်း တရားရေးဝန်ထမ်းတွေက သင်တန်းတွေရှိပါတယ်။ မိမိတို့ လွှတ်တော်ဘက်မှာ ဒီသင်တန်းမျိုးတွေ မရှိပါဘူး။ စတင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ နိုင်ငံတကာရဲ့ အတွေ့အကြုံ၊ ရှေ့နေချုပ်ရုံးရဲ့ ဥပဒေပြုရေးပညာရပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှသာလျှင် စတင်ခဲ့တဲ့ လွှတ်တော်ပဲဖြစ်ပါတယ်။ အလားတူပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာဆိုရင်လည်း အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေနဲ့ လုပ်ကိုင်နေရတဲ့အချိန်မှာ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌတွေရဲ့တင်ပြချက်အရ လုပ်ငန်းကို  ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိတဲ့ အကြောင်းအရာတွေ တင်ပြလာတဲ့အချိန်မှာ ဒီ MPU မှာပဲ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပြီးမှ သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်များကို ရယူပြီး အခုဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်မှာဆိုရင် အားလုံးကို စနစ်တကျ လွှတ်တော်ဝန်ထမ်းများအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါဟာ MPU ဖွဲ့စည်းခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်ပါတယ်ဆိုတဲ့ အကြောင်းလည်း တင်ပြလိုပါတယ်။ အချို့သော ပုဂ္ဂိုလ်များဟာဆိုရင်လည်း ကနေ့ဆွေးနွေးပုံအရဆိုရင် နားလည်မှု လွဲမှားနေတာကို မိမိကြားသိရပါတယ်။ မြင်တွေ့နေရပါတယ်။ တကယ်တမ်းကျတော့ တပြေးညီတိုးတက်မြင့်မားလာဖို့ဆိုရင် မိမိတို့ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်ဝန်ထမ်းများကိုပါ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှသာလျှင် ညှိနှိုင်းဆောင်ရွက်မှသာလျှင် မိမိတို့ရဲ့ဥပဒေပြုရေး ကဏ္ဍဟာ ဒီထက်အဆင့်မြင့်မြင့်နဲ့ ဆောင်ရွက်သွားနိုင်မယ်ဖြစ်ပါတယ်။ အခုလို မိမိအနေနဲ့ တင်ပြရခြင်းဟာ MPU ဥပဒေကို ပြဋ္ဌာန်းထားရှိမှသာလျှင် အားလုံးက လိုက်လျောညီထွေစွာနဲ့ ဥပဒေနဲ့အညီ မိမိတို့ ဥပဒေပြုရေးအခန်းကဏ္ဍ၊ ဥပဒေပြုရေး မဏ္ဍိုင်ကို တစ်ပြေးညီနဲ့ အားလုံးဝိုင်းဝန်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိတင်ပြခဲ့တဲ့ ဥပဒေပြုရေး မဏ္ဍိုင်မှာ အစောတုန်းက Schedule တွေ၊ ဥပဒေပြုရေးဇယားနဲ့ပတ်သက်ပြီးမှ ကန့်သတ်ထားချက်တွေရှိပြီး ဖြစ်တဲ့အတွက် MPU ဖွဲ့စည်းခြင်းအားဖြင့် ပြည်ထောင်စုလွှတ်တော် ကသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်က သော်လည်းကောင်း၊ အမျိုးသားလွှတ်တော်က သော်လည်းကောင်း ပြည်ထောင်စုအဆင့်မှာရှိတဲ့ လွှတ်တော်တွေကနေပြီးမှ တိုင်းဒေသ ကြီးနဲ့ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုရေးကို ဝင်စွက်လို့ မရပါကြောင်း တင်ပြရင်း ကျွန်တော့်စကားကို ဒီတင်ပဲ အဆုံးသတ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌ ပြည်ခိုင်ဖြိုးပါတီမှ ဦးတီခွန်မြတ်က ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က “ဒီဥပဒေဟာ ဥပဒေကြမ်းပဲ ရှိပါသေးတယ်။ ဥပဒေ မဟုတ်သေးဘူး။ အဲဒီတော့ ဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်မှာပါတဲ့အတိုင်း လွှတ်တော်အသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ခိုင်မာမှန်ကန်ဖို့၊ လွှတ်တော်အချင်းချင်း လုပ်ငန်းအတွေ့အကြုံဖလှယ်ဖို့၊ လွှတ်တော်၏ စွမ်းရည်တိုးတက်မှု၊ နိုင်ငံတကာဥပဒေပြု အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ ခုနပြောတဲ့ IAPA ၊  IPU တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အဲဒီရည်ရွယ်ချက်အောင်မြင်အောင် ကိုယ် စားလှယ်တွေကလည်း လေ့လာပြီးတော့ ဆန်းစစ်ပေးပါ။ စိစစ်ပေးပါ။ စိစစ်လေ့လာပါ။ ခုနကပြောတဲ့ လက်ရှိတည်ဆဲ ဥပဒေတွေနဲ့ မကွဲလွဲအောင်၊ မဆန့်ကျင်အောင်လည်း စိစစ် လေ့လာပေးပါ။ ဒါ ဥပဒေကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒါကိုတော့ အတိမ်းအစောင်းမခံနိုင်တဲ့အတွက် ထပ်ပြီးတော့ အသိပေးခြင်းဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေ ဒါဥပဒေကြမ်းပဲ ရှိသေးတာ သိနေပြီ။ သေချာလေ့လာပါ။ သေချာလေးကိုကောင်းကောင်းမွန်မွန်ဖြစ်အောင်လေး လည်းကြိုးစားပါ။ ဒါ ကျွန်တော်တို့အတွက် ဒီဥပဒေဟာ အရေးကြီးပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent