နိုင်ငံခြားဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်တန်းများရှိရာ ကျွန်းများကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထူးစီမံချက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

နိုင်ငံခြားဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်တန်းများရှိရာ ကျွန်းများကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထူးစီမံချက်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်
Published 20 June 2018

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်တန်းများရှိရာ ကျွန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထူးစီမံချက်တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်သည်။

နေပြည်တော်၌ ဇွန် ၁၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်တွင် ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံခြားဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်တန်းများရှိရာ ကျွန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  အထူးစီမံချက်တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ငှက်သိုက်ကျွန်းတွေမှာ အဖိုးတန်ငှက်သိုက်တွေကို တစ်နှစ်လေးကြိမ်ခွဲယူပြီး ထုတ်လုပ်စုဆောင်မှုတွေ ရှိနေပေမယ့် ကျွန်းပေါ်ရှိ ချုံပုတ်နွယ်ပင်နဲ့ သစ်ပင်၊ ဝါးပင်များကို ခုတ်ထွင်ရှင်းလင်းမှု မရှိဘဲ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးမှုကြောင့် ဇီဝဇိုးငှက်ငယ်လေးတွေဟာ သိန်း၊ စွန်ငှက်ရဲများ၏ ဖမ်းယူစား သောက်မှုတွေကို ကာကွယ်ဖို့ သဘာဝကျောက်ဆောင်တွေ လိုဏ်ဂူကျွန်းတွေက ဖယ်ခွာပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ခန့်ကစပြီး လူတို့ ဖန်းတီးပြုလုပ်ထားတဲ့ ငှက်အိမ်တွေမှာ ဝင်ရောက် အသိုက်ပြုလုပ်လာခဲ့ကြပါတယ်။ လူတို့ဖန်တီးထားတဲ့ ငှက်အိမ်ကို ဇီဝဇိုးငှက်ငယ်လေးတွေ ဝင်ရောက်လာတာနဲ့အမျှ သဘာဝလိုဏ်ဂူတွေ ကျွန်းအုပ်စုတွေမှာ ငှက်သိုက်အထွက်နှုန်းတွေ နှစ်စဉ်လျော့နည်းလာရာ ကာလကြာရှည်လာပါက သဘာဝငှက်သိုက်တောင်တန်းတွေ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း ကြိုတင်တွေးကြံပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ဒေသခံတွေက စိုးရိမ်ပူပန်လာခဲ့ကြပါတယ်။ အဖိုးတန်ငှက်သိုက်တွေကို ထုတ်ယူသုံးစွဲနေရုံသာမက ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် အမှန်တကယ်လိုအပ်နေကြောင်း တွေ့ရှိရပါတယ်” ဟု အဆိုရှင် ဒေါ်တင်တင်ရီက ပြောကြားသည်။

ဆက်လက်ပြီး လူတို့ဖန်တီးထားသည့် ငှက်သိုက်အိမ်များသည် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တစ်ဝိုက်တွင် အိမ်ပေါင်း ၁၃၀ ခန့်ရှိကြောင်းနှင့် ၎င်းငှက်သိုက်များသည်လည်း အမျိုးအစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၆ သိန်းမှ ၂၂ သိန်းထိ ပေါက်ဈေးရှိကြောင်းနှင့် လက်လီအားဖြင့် တစ်ကျပ်သားလျှင် ငွေကျပ် သုံးသောင်းအထိ ရရှိကြောင်း သိရသည်ဟု အဆိုရှင်က ပြောကြားသည်။

ငှက်သိုက်များသည် ဇီဝဇိုးငှက်၏ အန်ဖတ်ဖြင့် ပြုလုပ်ခဲ့သည့် အသိုက်များဖြစ်ပြီး ၎င်းတို့ အသိုက်မှ စွန့်ခွာသွားသည့်အချိန်တွင် လူတို့မှ ခက်ခဲစွာ တက်ရောက်၍ ခွာယူလာခဲ့ကြသည့် ငှက်သိုက်အဟောင်းများပင်ဖြစ်၍ ၎င်းတို့သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရများစွာ ပါဝင်လျက်ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးဖြစ်ပြီး တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝယ်ယူကြရာ ပထမတန်းစား အဖြူရောင်းငှက်သိုက်တစ်ပိဿာ၏ တန်ဖိုးသည် ဒေါ်လာနှစ်ထောင်ဝန်းကျင်အထိ ဈေးပေါက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝငှက်သိုက် တောင်တန်းများကို ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မော်စကွန်း၊ မြိတ်ကျွန်းစုများ၊ ပုသိမ်မြို့အနောက်တောင်ဘက်ရှိ ကျွန်းများတွင်လည်းကောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက်ကျွန်းပေါင်း ၃၂ ကျွန်းမှ အဖိုးတန် ငှက်သိုက်များကို မြိတ်ကျွန်းစုရှိ ကျွန်းစုမြို့နယ်မှ ရေအေးငှက်သိုက်တောင်၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစုများ၊ ပုလောမြို့နယ် မလိကျွန်းတို့မှ ငှက်သိုက်အများဆုံး ထွက်ရှိကြောင်း ဒေါ်တင်တင်ရီက ပြောကြားသည်။

၁၉၉၂ ခုနှစ် သစ်တောဥပဒေတွင် သစ်တောထွက်ပစ္စည်း ၂၉ မျိုးကို သတ်မှတ်ပြဋ္ဌာန်းထားရာတွင် ငှက်သိုက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပြီး နိုင်ငံခြားဈေးကွက်ဝင် အဖိုးတန် သစ်တောထွက်ကုန် ပစ္စည်းဖြစ်၍ ယနေ့ခေတ်တွင်  လူချမ်းသာများသာမက လူလတ်တန်းစားများပါ ဆေးဝါးများအဖြစ် မှီဝဲသုံး စွဲလာရာမှ အရှေ့တောင်အာရှ၏ ငှက်သိုက်လုပ်ငန်းသည် ဒေါ်လာငါးဘီလျံတန်ဖိုးရှိ လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း အဆိုရှင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီတင်သွင်းသော ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကထောက်ခံဆွေးနွေးကာ လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။