သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေး အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်မပြုဘဲ မှတ်တမ်းတင်

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေး အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်မပြုဘဲ မှတ်တမ်းတင်
Published 19 June 2018

ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်စွာဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြီး ပြစ်မှုပြစ်ဒဏ်တွင် သေဒဏ်ချမှတ်နိုင်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန်အဆိုအား ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။

နေပြည်တော်၌ ဇွန် ၁၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး အဆုံးအဖြတ်ရယူရာတွင် အတည်ပြုရန် ရှုံးနိမ့်ခဲ့ ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်းဖြစ်သည်။

“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးဖို့ တောင်းဆိုနေတာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အသံတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အလေးထားဖို့ လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥပဒေပြုလွှတ်တော် ဖြစ်နေတယ်။ အဲဒီတော့ ကိုယ်တတ်နိုင်တဲ့ဘက်က ဒီဥပဒေကို မပြုလိုက်နိုင်ရင် လွှတ်တော်ကိုယ်စားလှယ်နဲ့ ထိုက်တန်ဖို့ ရှိ မရှိဆိုတာကို ပြည်သူတွေ ဆုံးဖြတ်စေချင်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဘယ်လောက်ပဲ အင်အားများတဲ့သူက နိုင်ပါစေ။ ဒါပေမဲ့ လူနည်းစုကိုတော့ အလေးထားသင့်တယ်။ လူနည်းစုရဲ့ တောင်းဆိုမှုကို လူများစုက အလေးထားသင့်တယ်လို့ ခဏခဏပြောခဲ့တယ်။ ဒီအဆိုကို အတည်မပြုလည်း ထောက်ခံပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု အဆိုရှင်က ပြောကြားသည်။

အဆိုကို ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး၊ ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ကော့မှူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းဆွေနှင့် ဒေးဒရဲ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုတို့က ဆွေးနွေးခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အဆိုကို လွှတ်တော်တွင် မှတ်တမ်းဖြစ်သာထားရှိရန် ဆွေးနွေးခဲ့ကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ပြဋ္ဌာန်းလာမည့် ဥပဒေနှင့်အညီသာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းရာတွင် အဆိုနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုရှင်ဒေါ်ခင်စောဝေက အဆိုကို အတည်ပြုသင့်ကြောင်း ပြောကြားခဲ့သောကြောင့် စက်ခလုပ်နှိပ် ဆန္ဒမဲပေးသောနည်းဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၈၅ ဦးရှိသည့် အနက် အဆိုကိုအတည်ပြုရန် ထောက်ခံဆန္ဒမဲပေါင်း ၁၄၁ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၂၂၇ မဲနှင့် ကြားနေဆန္ဒမဲပေါင်း လေးမဲရှိခဲ့သောကြောင့် အတည်ပြုရန် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“သေဒဏ်ပေးခြင်းနည်းလမ်းကို သုံးခြင်းဖြင့် ရာဇဝတ်ကျူးလွန်သူများကို ရပ်တန့်စေနိုင်တာ မဟုတ်သလို သေဒဏ်ဟာ ရာဇဝတ်လျော့နည်းကျဆင်းရေးရဲ့ အဓိကအဖြေလည်းမဟုတ်ဘဲ သေဒဏ်ပေးခြင်းကြောင့် ရာဇဝတ်မှုများ ရပ်တန့်သွားတယ်ဆိုတာကို ဘယ်နိုင်ငံမှာမှ မတွေ့ရဘဲ အခုဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေရေးဆွဲပြီး မကြာမီ လွှတ်တော်ကို ရောက်ရှိလာမှာဖြစ်ပြီး ကလေးသူငယ်ဖြစ်စေ၊ မသန်စွမ်းသူဖြစ်စေ မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ မှ တစ် သက်တစ်ကျွန်း လွတ်ငြိမ်းချမ်းသာခွင့်မရှိ ချမှတ်ဖို့လည်း ဥပဒေမှာ ပါရှိနေပါတယ်။ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များ အကြမ်းဖက်မှု ကိုင်တွယ်ဖြေရှင်းရန် လိုလားကြသော စိန်ခေါ်မှုများစွာရှိပြီး အမျိုးသမီးများကို အကြမ်းဖက်မှုမှကာကွယ်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဌာနပေါင်းစုံမှ ပူးပေါင်းကူညီဆောင်ရွက်ကြရန်လည်း လိုအပ်တယ်” ဟု ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုးက ပြောကြားသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇွန် ၁ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent