မန္တလေးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေး ရှင်းလင်း

မန္တလေးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေး ရှင်းလင်း
Published 18 June 2018

မန္တလေးမြို့တွင် မေ ၃၁ ရက် ညက တုတ်၊ ဓားလက်နက်များကိုင်ဆောင်ကာ ရမ်းကားနေသည့်လူအုပ်စုအား ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာမှ ပြန်လည်ခုခံခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာမှ လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များက သေဆုံးသူအမျိုးသားမှာ ဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ သေနတ်ထိမှန် သေဆုံးသွားခဲ့သည်ဟုဆိုကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဇွန် ၁၇ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သတင်းစာ ရှင်းလင်းခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သေဆုံးသွားခဲ့သည့် အမျိုးသားမှာ ကျောက်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးဖြစ်ကာ အခင်းဖြစ်ပွားခဲ့သည့်နေ့က အမရပူရမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးကို လူအုပ်စုတစ်စုက ဓားများကိုင်ဆောင်ကာ ဝင်ရောက် ဖျက်ဆီးနေမှုကို ကြားသိရသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် တုတ်ဓားကိုင်ဆောင်သူများအကြား ရောက်ရှိသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ အဆိုပါ အမျိုးသားသေနတ်ထိမှန်ပြီး ကျန်အမျိုးသားတစ်ဦး ပါးတွင်သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ သေနတ်ထိမှန် သေဆုံးသူ အမျိုးသားနှင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတို့မှာ တုတ်၊ ဓားကိုင်ဆောင်ကာ ရမ်းကားခဲ့သူများနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ ပါဝင်ပတ်သက်မှုမရှိကြောင်း မိသားစုဝင်များ၊ မျက်မြင်သက်သေများက ရှင်းလင်းပြောကြားသည်။

“သူ့ရဲ့မိတ်ဆွေအိမ်ကို ဓားကိုင်ပြီးတော့ လူအုပ်စုတစ်စုက ဝင်ရောက်ဖျက်ဆီးနေတယ်ဆိုတာ သူကြားလို့ လိုက်သွားတာ။ အဲဒီအချိန်မှာ ရဲဘက်ကနေပစ်လိုက်တာ သေနတ်ဒဏ်ရာရပြီး သေဆုံးသွားခဲ့တာပါ။ သူဟာ ဓားကိုင်ရမ်းကားလို့ရဲ့ သေနတ်နဲ့ပစ်လို့သေတယ်လို့ ပြောနေကြတာတွေက ဖြစ်စဉ်အမှန်နဲ့ လွဲနေပါတယ်။ သူဟာ ဓားကိုင်ရမ်းကားတဲ့ အဖွဲ့နဲ့လည်း မသက်ဆိုင်သလို ပါဝင်ခဲ့ခြင်းလည်း မရှိပါဘူး” ဟု သေနတ်ထိမှန် သေဆုံးသွားခဲ့သည့် အမျိုးသား၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

အဆိုပါ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ငယ်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၈) ဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သေဆုံးသွားခဲ့သည့် ဟိန်းမင်းထက် (၂၄ နှစ်၊ ညှပ်ရိုးအောက်ပေါက် ထွက်ဒဏ်ရာဖြင့်)၊ ပါးတွင်သေနတ်ဒဏ်ရာ ထိမှန်ခဲ့သည့် စိုင်းထူးအောင် (၂၃ နှစ်) တို့၏ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ပစ်ဖောက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြစ်ငယ်နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။

Most Read

Most Recent