ကျောက်ဖြူမြို့နယ် မဒေးကျွန်းဆိပ်ကမ်းတွင် မော်လ်တာနိုင်ငံ အလံတင် ရေနံတင်သင်္ဘောကြီးတစ်စင်း ကမ်းကပ်စဉ် ချဉ်းကပ်ကြိုး ပြတ်ထွက်မှုကြောင့် ဆိပ်ခံတံတား အနည်းငယ် ထိခိုက်မှုရှိသော်လည်း ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ခြင်းမရှိ

ကျောက်ဖြူမြို့နယ် မဒေးကျွန်းဆိပ်ကမ်းတွင် မော်လ်တာနိုင်ငံ အလံတင် ရေနံတင်သင်္ဘောကြီးတစ်စင်း ကမ်းကပ်စဉ် ချဉ်းကပ်ကြိုး ပြတ်ထွက်မှုကြောင့် ဆိပ်ခံတံတား အနည်းငယ် ထိခိုက်မှုရှိသော်လည်း ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ခြင်းမရှိ
Published 17 June 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းတွင် ရေနံစိမ်းတင်ပို့သည့် ရေနံတင်သင်္ဘောတစ်စင်း ကမ်းကပ်စဉ် ချဉ်းကပ်ကြိုး ပြတ်ထွက်မှုကြောင့် ကမ်းမကပ်နိုင်ဘဲ ပင်လယ်ပြင်တွင် ကျောက်ချရပ်နား နေရကြောင်းနှင့် ဆိပ်ခံတံတား အနည်းငယ် ထိခိုက်မှုရှိသော်လည်း ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ကျောက်ဖြူမြို့ မြန်မာ့ရေကြောင်း ဆိပ်ကမ်းရုံးမှ သိရသည်။

ဇွန် ၁၄ ရက်က မော်လ်တာနိုင်ငံ အလံတင် ရေနံတင်သင်္ဘောကြီး တစ်စင်းသည် မဒေးကျွန်းဆိပ်ကမ်းသို့ ရေနံစိမ်းတင်ပို့လာစဉ် မဒေးကျွန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကုန်ချိန် (ဝိတ်) ကို မထိန်းနိုင်ဘဲ ချဉ်းကပ်ကြိုးပြတ် ထွက်သွားသဖြင့် ဆိပ်ကမ်းမှ ထွက်ခွာကာ ကျောက်ဖြူမြို့ သံဇစ်မြစ်အဝအောက်ဘက် ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားကြောင်း ကျောက်ဖြူမြို့ မြန်မာရေကြောင်းဆိပ်ကမ်းရုံးမှ သိရသည်။

“သင်္ဘောက ဆီလှပ်ဖို့လာတာဖြစ်တယ်။ မဒေးကျွန်းဆိပ်ကမ်းမှာ ကမ်းကပ်နေတဲ့အချိန် မိုးသက်လေပြင်း တိုက်နေတာကြောင့် ဆီကလည်း အပြည့်ဆိုတော့ သူရဲ့ ဝိတ်ကို မထိန်းနိုင်ဘဲ ကမ်းချည်ကြိုး ပြတ်ထွက်သွားတာ ဖြစ်နိုင်တယ်။ ကြိုးတွေ ဆွေးမြေ့နေတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် ဆိပ်ကမ်းမှာ မကပ်ဘဲ ကျောက်ဖြူမြစ်၀ ပင်လယ်ဘက်ကိုထွက်ပြီး ကျောက်ချရပ်နား ထားတယ်လို့ သိရတယ်။ ရာသီဥတု ကောင်းလာရင်တော့ ပြန်ကပ်မှာပေါ့” ဟု ကျောက်ဖြူမြို့ မြန်မာ့ရေကြောင်း ဆိပ်ကမ်းရုံးမှ ဒုတိယဆိပ်ကမ်းမှူးက ဆိုသည်။

မဒေးကျွန်းဆိပ်ကမ်းတွင် ဆိုက်ကပ်လာသည့် ရေနံတင်သင်္ဘောမှာ စတီးဝိုင်ယာကြိုး ငါးပင်နှင့် ချဉ်းကပ်ထားခြင်းဖြစ်ရာ ကြိုးများမှာ အလျော့အတင်း မညီသဖြင့် မြစ်ရေစီးကြမ်းခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ကြောင့် သင်္ဘောကို မထိန်းနိုင်ဘဲ  ကြိုးတစ်ပင်ပြီးတစ်ပင် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“သင်္ဘောကပ်တဲ့အခါ ကြိုးတွေက အလျော့အတင်း မညီတာရယ်၊ ဒီရေကြီးရက် ဖြစ်တာကြောင့် မြစ်ရေစီး ကြမ်းတာရယ်၊ မိုးသက်လေပြင်း တိုက်ခတ်တဲ့ အရှိန်ကြောင့်ရယ် ချည်ထားတဲ့ စတီးကြိုးတွေက တစ်ပင်ပြီးတစ်ပင် ပြတ်ထွက်သွားတယ်။ ကူတွန်းသင်္ဘောငယ် နှစ်စင်းလည်း တွန်းခံသေးတယ်။ ဘာမှထိရောက်မှု မရှိဘူး။ အဲဒါကြောင့် ပင်လယ်ကို ထွက်ပြီးနေရတာပေါ့။ သင်္ဘောကတော့ ဘာမှတော့ မဖြစ်လောက်ပါဘူး” ဟု ကျောက်ဖြူမြို့ခံ ကိုသန်းမောင်က ပြောကြားသည်။

ကျောက်ဖြူမြို့ မြန်မာ့ရေကြောင်း ဆိပ်ကမ်းမှူး ဦးစိုးလွင်ကလည်း “သင်္ဘောကပ်တော့ ကြိုးပြတ်တယ်လေ။ ကြိုးပြတ်တော့ သင်္ဘောပြန်ခွာတယ်လေ။ ပြန်ခွာပြီးတော့ လုံခြုံတဲ့ ပင်လယ်၀ ပင်လယ်ထဲကို ပြန်ပို့ရတယ်။ ဘာမှပတ်ဝန်းကျင် ထိခိုက်မှု မရှိပါဘူး။ ကြိုးတွေပြတ်ကုန်တယ်။ နောက်တံတားကတော့ နည်းနည်းထိသွားတာပေါ့။ သင်္ဘောနာမည်ကတော့ AGIOS SOSTIS၊ ရေနံစိမ်း တန်ချိန်ကတော့ ၂၇၀၀၀၀ ပါတယ်။ တံတားကပ်တော့ ၁ နာရီခွဲ၊ ဖြစ်တာက ၂ နာရီခွဲပေါ့။ သင်္ဘောကို ပင်လယ်ထဲပေါ့ နှစ်မိုင်လောက် အကွာမှာ ပြန်ထုတ်ထားတယ်” ဟု ပြောကြားသည်။

AGIOS SOSTIS 1 အမည်ရှိ အဆိုပါ ရေနံတင်သင်္ဘောကြီးသည် မော်လ်တာအလံတင် သင်္ဘောဖြစ်ပြီး အလေးချိန်အသေ ၂၉၉၉၈၃ တန်ရှိကာ အရွယ်အစား ၃၃၀ x ၆၀ မီတာရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းရှိ ရေနံစိမ်းကန်ကြီး ၁၂ ခုနှင့် ဝင်ရောက် သယ်ယူနေသော သင်္ဘောများမှ ရေနံယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ဂွမဲဆန္ဒနယ်မှ ဦးကြည်သာက ၂၀၁၄ ခုနှစ် မတ် ၁၂ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ မြန်မာ့ပင်လယ်ပြင်တွင် ရေနံယိုဖိတ်မှုများကြောင့် ဆုံးရှုံးမှုနှင့် ရေပြင်ညစ်ညမ်းမှုများကို ကာကွယ်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဆိပ်ကမ်းများအလိုက် ရေနံယိုဖိတ်မှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲထားပြီဖြစ်ကြောင်း ထိုစဉ်က စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ပြန်လည်ဖြေကြား ခဲ့ဖူးသည်။

အမျိုးသားအဆင့် ရေနံယိုဖိတ်မှု တုံ့ပြန်ဆောင်ရွက်ရေး အရေးပေါ် စီမံချက်ကို ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင် အဖွဲ့အစည်းများမှ မူကြမ်းရေးဆွဲထားပြီး နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းနိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ထိုစဉ်က ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှနှင့် ချုပ်ဆိုထားသော စာချုပ်များအရ နိုင်ငံတကာ ပင်လယ်ပြင် ရေကြောင်းဆိုင်ရာ အာမခံချက် ရရှိပြီးထားသော သင်္ဘောများကိုသာ မြန်မာ့ဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့် ပြုလျက်ရှိကြောင်း၊ ရေနံယိုဖိတ်မှုများ ဖြစ်ပေါ်လာပါက သဘာဝပတ်ဝန်းကျင်နှင့် နစ်နာသည့် လျော်ကြေးငွေ ရရှိရန်နှင့် အာမခံ ကုမ္ပဏီများနှင့် စီစဉ်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာ့ဆိပ်ကမ်း နယ်နိမိတ်နှင့် နယ်နိမိတ်အပြင်ဘက် မြန်မာ့ရေပိုင်နက်အတွင်း ရေနံယိုစိမ့်မှု ဖြစ်ပါက ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ရေးဆွဲထားသည့် ဥပဒေများအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့ဖူးသည်။

 

Most Read

Most Recent