ရန်ကုန်တိုင်းအတွင်း အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ဆောင်ရွက်နေသည့်အဖွဲ့များကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေဟုဆို

ရန်ကုန်တိုင်းအတွင်း အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ဆောင်ရွက်နေသည့်အဖွဲ့များကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေဟုဆို
Published 16 June 2018

ရန်ကုန်တိုင်းအတွင်း အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ဆောင်ရွက်နေသည့်အဖွဲ့များကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေဟုဆို

ရန်ကုန်တိုင်းအတွင်း အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ဆောင်ရွက်နေသည့် အဖွဲ့များကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဇွန် ၁၅ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ်ာ ဆဋ္ဌမပုံမှန် အစည်းအဝေး ၄၆ ရက်မြောက်တွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စအား မြောက်ဥက္ကလာပ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြည်သူ အချင်းချင်းဖြစ်ပွားသော အငြင်းပွားမှုများတွင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတာဝန်ရှိသော အစိုးရအဖွဲ့အစည်းများ၏ တာဝန်ကို ဆန့်ကျင်ပြီး ဥပဒေမဲ့လူမိုက်ဆန်ဆန် တရားမဝင် ဖြေရှင်းပေးနေသော အဖွဲ့အစည်းများအား မည်သို့ အရေးယူဆောင် ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုလို အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ပြုမူဆောင်ရွက်ခြင်းများ မပြုလုပ်ဖို့ ဥပဒေ ချိုးဖောက်မှု ကျူးလွန်ရင်လည်း ဥပဒေအကြောင်းအရ အရေးယူခံရမယ်ဆိုတာကို အသိပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ထိခိုက်စေမယ့် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ဆောင်ရွက်နေတဲ့အဖွဲ့များကိုလည်း ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူး ပေါင်းပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအပြင် ပြည်သူ့ဘဝလုံခြုံရေးအတွက် အများ ပြည်သူ စိုးရိမ်ကြောက်ရွံ့စေရန် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုများကို အရေးယူဆောင်ရွက်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် တွင် လှိုင်းလုံးစီမံချက်၊ ၂၀၁၅ ခုနှစ်တွင် ဝရဇိန်စီမံချက်၊ ၂၀၁၆ ခုနှစ်တွင် ကျားနက် စီမံချက်၊ ၂၀၁၇ ခုနှစ်တွင် စွန်ရဲစီမံချက်များဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် လင်းယုန် စီမံချက်ကို အဆင့် လေးဆင့်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်စုဖွဲ့ပြီး လူမိုက်ဆန်သော ဗိုလ်ကျအနိုင်ကျင့်မှုများ မရှိစေရေး အတွက် လူဆိုးလူမိုက်များအား ဖမ်းဆီးအရေးယူမှုများအနေဖြင့် အင်းစိန်၊ မင်္ဂလာဒုံ၊လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့် မြို့နယ်များတွင် မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်း အနိုင်ကျင့်၊ ဒုစရိုက်မှုများ ကျူးလွန်သည့် အဖွဲ့များအားဖမ်းဆီး အရေးယူခဲ့ပြီး အများပြည်သူ၏ စိုးရိမ်ကြောက်ရွံ့မှုများ ကင်းဝေးစေရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြော ကြားသည်။

ထို့ပြင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက် အကူပြုနိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ပြည်သူ့ စေတနာ့ ဝန်ထမ်း (PAV) သည် ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ကို မှတ်ပုံတင်အမှတ် ၂၀၁၉ စက်တင်ဘာ ၁၈ ရက်တွင် ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“မြေယာအငြင်းပွားမှုအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်များကို ဥပဒေနဲ့မညီညွတ်ဆောင်ရွက်ရင် မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူ အချင်းချင်းဖြစ်ပွားတဲ့ ငြင်းပွားမှုတွေကို အကူအညီတောင်းခံတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ ကိစ္စတွေကို ဆောင်ရွက်စေရန် အကူအညီ တောင်းခံခြင်းမပြုသင့်ပါဘူး”  ဟု ဝန်ကြီးက ပြောကြားသည်။