သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေဝင်နစ်မြုပ်

သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေဝင်နစ်မြုပ်
Published 16 June 2018

သဲကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် စပါးခင်းများနှင့် ပျက်စီးသွားသော လမ်းပိုင်းများကို ဇွန် ၁၃ ရက်က တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်အတွင်း ဇွန် ၈ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကွင်းပေါင်း ၁၂၁ ကွင်း ရှိ တောင်သူ ၈၄၆၃ ဦးတို့၏ ဧရိယာ၂၃၅၉၂ ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က နှစ်တိုင်းခံနေရတယ်ဆိုပေမဲ့ ဒီနှစ်က အစပဲရှိသေးတယ်။ ဆိုးဆိုးရွားရွားဖြစ်နေပြီ။ ရက်တောင်မကြာဘူး။ ပထမရေက မဆင်းသေးခင် နောက်ရေက ထပ်မြုပ်နေတယ်။ နောက်ထပ်လည်း မြုပ်ဦးမှာ။ ထူးခြားဖြစ်စဉ်ကြောင့် မြုပ်ပြီးတော့ ခါတိုင်းမြုပ်နေကျရေက လာဦးမယ်။ ဒီနှစ်တော့ မျိုးစပါးတောင် မလွယ်ဘူး။ နွေစပါးကော မိုးစပါးတစ်တန်းကြဲပြီးသားတွေပါ မြုပ်ကုန် တာကို နွေစပါးကတော့ အမြန်မကြိတ်နိုင်ရင် ရေဝင်ပြီး အကုန်အစိုပြန်ကြေကုန်နိုင်တယ်။ မျိုးစပါးပြန်ပေးတာလောက်နဲ့တော့ လယ်သမားတွေမှာ အဆင်မပြေတော့ဘူး”ဟု သဲကုန်း မြို့နယ်ဒေသခံလယ်သမား ဦးဝင်းမောင်က ပြောကြားသည်။

ရေကြီးနစ်မြုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ လိုက်လံ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနှစ်မိုးဦးမှာက ဒါက ဒုတိယအကြိမ် မြုပ်တာ မျိုးစပါးတွေကတော့ အားလုံးကုန်ပြီ။ နှစ်ကြိမ်စိုက် နှစ်ကြိမ်ရေထဲပါသွားတယ်။ လယ်သမားတွေက အဲဒါတော့ သေချာပေါက် ဆုံးရှုံးတယ်။ တစ်မြို့နယ်လုံးဖြစ်တော့ ထောက်ပံ့ဖို့က နည်းနည်းတော့ခဲယဉ်းတယ်။ ထောက်ပံ့မှုတွေ မလုပ်နိုင်သေးဘူး။ ရေကျဖို့တော့ မြောင်းတွေဖွင့်ပေးနေရတယ်”ဟု သဲကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က ပြောကြားသည်။

သဲကုန်းမြို့အောက်ဘက်တွင် အင်းမကြီးအင်းနှင့်အတူ တရားမဝင်ငါးမွေးမြူရေးကန်များ တူးဖော်ခြင်းနှင့် ဘောင်ဖို့ခြင်းများကြောင့် တောင်ကျရေမှာ ဆင်းနိုင်ခြင်းမရှိဘဲ ရပ်တန့်ရေကြီးရေလျှံမှုများ ဖြစ်ရခြင်းဖြစ် ကြောင်း၊ ယခုနှစ်တွင် လယ်မြေများအတွင်းသာမက မြို့ပေါ်ရပ်ကွက်အချို့သို့ပါ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ရေကြီးမှုမှာ ဇွန် ၄ ရက်တွင် တစ်ကြိမ်၊ ယခုတစ်ကြိမ်နှင့် နှစ်ကြိမ်တိုင်ရှိပြီဖြစ်ကြောင်း သိရသည်။