ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံး

ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ခရီးသည်တင် စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံး
Published 14 June 2018

ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ခရီးသည်တင် စက်လှေတိမ်းမှောက်ပြီးနောက် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ခရီးသည်တင်စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့သည်။

ဟုမ္မလင်း-ကောယား ပြေးဆွဲနေသော ရွှေစင်ဦးစက်လှေသည် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်ကဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှ ကောယားကျေးရွာသို့ ထွက်ခွာစဉ် ရေစီးအားကြောင့် တိမ်းမှောက်ခဲ့ပြီး စက်လှေတွင်လိုက်ပါလာသော ခရီးသည် စုစုပေါင်း ၂၉ ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံတက်ရောက် ကုသနေရကြောင်း ဟုမ္မလင်းမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါစက်လှေသည် ကမ်းမှထွက်ခွာစဉ် စက်ချို့ယွင်းပြီး ရေစီးအားကြောင့် မျောပါတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

“စက်လှေစထွက်ပြီး ကမ်းနဲ့ကိုက် ၄၀ လောက်အကွာမှာ စက်ပျက်ပြီး ရေစီးအားနဲ့ မျောသွားတော့ အောက်ဘက်မှာ ဆိုက်ထားတဲ့ ဖလက်( ကုန်တင်လှေ) အောက်ကို ရောက်သွားတာ။ ခရီးသည်တွေတချို့က ကမ်းဘက်ကို တချို့က မြစ်ဘက်ကို ခုန်ချကြတာပေါ့။ အဲဒါမြင်တော့ ကျွန်တော်တို့စက်လှေနဲ့ ချက်ချင်းသွားကယ်ကြတာ။ အဲဒီစက်လှေက ဖလက်အောက်ရောက်နေလို့ လူအားနဲ့ဝိုင်းပြီးဆွဲ ထုတ်ရတယ်။ ခရီးသည်တစ်ယောက်ကတော့ စက်လှေနဲ့အတူ ဖလက်အောက်ကိုရောက်သွားလို့ ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရတယ်။ ပြီးတော့ ချက်ချင်းပဲ ဆေးရုံပို့ပေမယ့် ဆေးရုံရောက်ပြီး သိပ်မကြာဘူး ဆုံးသွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

ထိုစက်လှေတိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါစက်လှေကို မောင်းနှင်ခဲ့သူ မင်းသက်ဦးအား ဟုမ္မလင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က) ဖြင့် အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent