စစ်ဘေးရှောင် ခုနစ်နှစ်ပြည့် အခမ်းအနား မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပ

စစ်ဘေးရှောင် ခုနစ်နှစ်ပြည့် အခမ်းအနား မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပ
Published 10 June 2018

စစ်ဘေးရှောင် ခုနစ်နှစ်ပြည့် အခမ်းအနား မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းတွင် ဇွန် ၉ ရက်က ကျင်းပစဉ်

စစ်ဘေးရှောင် ခုနစ်နှစ်ပြည့် အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းတွင် ဇွန် ၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ စစ်ရှောင်စခန်း ၃၀ ကျော်မှ လူပေါင်းထောင်နှင့်ချီ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် စစ်ရှောင်ပြည်သူများက သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်ပြေးဒုက္ခသည် လူ့အခွင့်အရေး ကျူးလွန်မှုနှင့် လုံခြုံရေး ကင်းမဲ့နေကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်မှစ၍ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ပိတ်မိပြည်သူ ၃၀၀ ခန့်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ပိတ်မိနေဆဲ ပြည်သူအချို့လည်း လွတ်မြောက်ရန် လိုအပ်နေကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ကန့်သတ်ခြင်း၊ သတင်းအချက်အလက် ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ သွားခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ရှောင်စခန်းများကို ပိတ်သိမ်းခြင်းမပြုဘဲ ထပ်မံရောက်ရှိလာသော စစ်ရှောင်များအတွက် စားဝတ်နေရေး၊ ပညာရေးပစ္စည်းများ ထောက်ပံ့ရန်၊ ပြည်သူများနေထိုင်ရာ ရပ်ရွာအနီးတွင် တပ်စခန်းများ ဆုတ်ပေးရန်၊ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ တပ်မတော်နှင့် အစိုးရအဖွဲ့တို့ စားပွဲပေါ်တွင် ဆွေးနွေးအဖြေရှာကြရန်၊ ၂၁ ရာစု ပင်လုံညီလာခံသည် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသား ခေါင်းဆောင်များ၊ အမျိုးသမီး ကိုယ်စားလှယ်များ ပြည့်စုံသည့် ညီလာခံ ဖြစ်ရမည်ဖြစ်ပြီး မူလပင်လုံစာချုပ် ကတိကဝတ်အရ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည့် မိုင်းနား၊ မခေါယန်စစ်ရှောင် အေဂျီစခန်းတာဝန်ခံ ဒေါ်ငွားမတားက “ကျွန်မတို့ စစ်ရှောင် စခန်းမှာ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ပါတယ်။ အစိုးရစာရင်းနှင့် လည်း ကွဲနေတယ်။ အစိုးရစာရင်းမှာက အိမ် ထောင်စု ၅၀ ကျော်၊ လူဦးရေက ၃၀၀ ကျော် ပဲ ရှိပါတယ်။ လူငယ်တွေက ဖားကန့်၊ တနိုင်း မှော်ဘက်သွားကြတယ်။ တရုတ်နိုင်ငံဘက် ကိုသွားပြီး အလုပ်လုပ်တဲ့ သူတွေလည်း ရှိ နေပါတယ်။ ကလေးတွေအတွက် ရေရှည်မှာ စိုးရိမ်စရာကောင်းတယ်။ ပညာရေးမှာက အတန်းကြီးလာတာနဲ့အမျှ ကျောင်းထွက်လာတာတွေ  များလာတယ်။ မူးယစ်ဆေးဝါးလည်း ကြောက်စရာ ကောင်းနေတယ်။ သက်ဆိုင်ရာ တွေကလည်း ပြန်နိုင်ဖို့ လုပ်ဆောင်စေချင်တယ်။ ဟိုရောက်ရင်တော့ ကလေးတွေကို အလုပ်ပေးဖို့ရှိတယ်” ဟု ပြောကြားသည်။

ပြဇာတ်သရုပ်ဖော် တင်ဆက်မှုနှင့် ပတ်သက်၍ ရဲအင်အား ၃၀ ကျော် မနောကွင်း အပြင်ဘက်၌ စုရုံးရောက်ရှိလာစဉ်

စီတာပူရပ်ကွက်မှ အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ မိသားစုမှာက ခုနစ်နှစ် အတွင်းမှာ စစ်ကြောင့် သေတာမရှိဘူး။ ဝမ်းကွဲမိသားစု ထဲမှာတော့ ရှိတယ်။ သေရင်သူ့မိသားစုကို အမျိုးတွေက ဝိုင်းထောက်ပံ့ရတာပေါ့။ အမျိုးမဝေးသူတွေလည်း စစ်ရှောင်စခန်းမှာ ရှိတယ်။ အိမ်မှာ အများကြီး လာနေတာ မတတ်နိုင်တော့ စစ်ရှောင်ပို့ရတာပေါ့။ ကိုယ်တိုင်တော့ မထိခိုက်ပေမယ့် အမျိုးတွေထိခိုက်တော့ အပူတွေ ကိုယ့်ဆီရောက်တာပေါ့။ ငြိမ်းချမ်းရေး အတွက်တော့ သေသေချာချာ ဆွေးနွေးအဖြေရှာသင့်ပါပြီ” ဟု ပြောကြားသည်။

အခမ်းအနားတွင် ဆုတောင်းပွဲအတွင်း ပြဇာတ်သရုပ်ဖော် တင်ဆက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်းနှင့် ယင်းသရုပ်ဖော် တင်ဆက်မှုကြောင့် ရဲအင်အား ၃၀ ကျော် မနောကွင်း အပြင်ဘက်သို့ ရောက်ရှိခဲ့ပြီး လက်နက်ပစ္စည်း အပြည့်အစုံဖြင့် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်အထိ တိုက်ပွဲပေါင်း ၃၈၀၀ ကျော်ဖြစ်ပွားခဲ့ရာ ပျမ်းမျှ တစ်လလျှင် ၄၆ ပွဲနှုန်း ဖြစ်ပွားခဲ့ကြောင်း၊ လူပေါင်း ၁၂၀၀၀၀ ကျော်သည် စစ်ရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စာရင်းများအရ အစိုးရထိန်းချုပ်နယ်မြေတွင် စခန်းပေါင်း ၉၄ ခု၊ လူဦးရေ ၄၀၀၀၀ နီးပါး ခိုလှုံနေပြီး ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းပေါင်း ၂၅ ခုရှိကာ လူဦးရေ ၄၆၀၀၀ ကျော် ခိုလှုံကြောင်း ကေအိုင်အို ဒုက္ခသည်များဆိုင်ရာ ကော်မတီ၏ စာရင်းအရ သိရသည်။

ကချင်ပြည်နယ်အတွင်း စစ်ရှောင်များ၏ အသုံးစရိတ် ငါးနှစ်အတွင်း ကုဋေပေါင်း ၁၉၀၀ ကျော် (၁၉၈၁၉၉၆၈၄၆၉ ကျပ်) သုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။

နိုင်ငံတော်သမ္မတ အပါအဝင် လွှတ်တော်၊ ပါတီ၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOs များ၏ အစိုးရထံ ရောက်သော စာရင်းသာဖြစ်ပြီး အမည်ပေါက် မရောက်သည့် စာရင်းများလည်း အများအပြား ကျန်နေကြောင်း သိရသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA အဖွဲ့သည် ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။ ယင်းနောက် ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ယခုနှစ် ဇွန် ၉ ရက်တွင် ခုနစ်နှစ် ပြည့်ပြီဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်တိုက်ခိုက်မှုများ ပျံ့နှံ့လာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ဝိုင်းမော်၊ ကာမိုင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဆွမ်ပရာဘွမ် စသည့်ဒေသများတွင်ပါ ဖြစ်ပွားခဲ့ပြီး စစ်ရှောင်သူ တစ်သိန်းကျော်မှာ နီးစပ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသည်မှာ ခုနစ်နှစ် ကြာမြင့်ပြီ ဖြစ်သည်။

 

Most Read

Most Recent