ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက်နေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) ရေးသွင်းရေး အသိပေးချက် ထုတ်ပြန်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက်နေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) ရေးသွင်းရေး အသိပေးချက် ထုတ်ပြန်
Published 9 June 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒ မဲလက်မှတ်များနှင့် ပတ်သက်ပြီး မေတ္တာရပ်ခံချက်အား ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ၂၀၁၈ နိုဝင်ဘာ  ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ လစ်လပ် မဲဆန္ဒနယ်များအတွက် ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ် လျဉ်းပြီး သက်ဆိုင်ရာသင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် မိမိတို့ဌာနတည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ပြီး ပုံစံ (၁၅) ကို တောင်းခံသွားရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းအကြီးအမှူးများသည် မဲဆန္ဒရှင်များမှ ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅)များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၁၈ သြဂုတ် ၂၄ ရက် အရောက်ပေးပို့ရမည်ဖြစ်ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများသို့ အောက်တိုဘာ ၃ ရက် အရောက်ပေးပို့ရမည်ဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများတွင် အောက်တိုဘာ  ၅ ရက်မှ ၁၂ ရက်အတွင်း သင့်လျော်သည့်ရက် တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန်ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲပါ စာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများသို့ နိုဝင်ဘာ ၃ ရက် ညနေ လေးနာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးမှူးများသည် အပိုဒ် ၂ (ဃ) ပါ ကြိုတင် ဆန္ဒမဲပေးမည့်ရက်အား မိမိဌာနတည်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အနည်းဆုံး သုံးရက် ကြိုတင်အကြောင်းကြားပြီး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် သြဂုတ် ၂၄ ရက်နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက် ကုသသူများနှင့် အချုပ်ခံနေရသူများရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသည့် သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများရှိ ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ အကြီးအမှူးများမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။