ဗဟန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဟုဆိုသည့် သြစတြေးလျနိုင်ငံသား ရော့စ်စတာလင်ဒန်ကလေ၏နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ ဖမ်းဆီးရမိ

ဗဟန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဟုဆိုသည့် သြစတြေးလျနိုင်ငံသား ရော့စ်စတာလင်ဒန်ကလေ၏နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ ဖမ်းဆီးရမိ
Published 8 June 2018

ဗဟန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံဟုဆိုသည့် သြစတြေးလျနိုင်ငံသား ရော့စ်စတာလင်ဒန်ကလေ၏ နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၇ ရက်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သြစတြေးလျနိုင်ငံသား အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဟုဆိုသူ နေထိုင်သည့် ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် စမ်းရေတွင်းလမ်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း သတင်းရသဖြင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူများမှ ဇွန် ၆ ရက် ည ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ ရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ အဆိုပါ နေအိမ်၌ အသက် ၆၀ အရွယ် သြစတြေးလျနိုင်ငံသား အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အသက် ၆၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Go Media မန်နေဂျင်းဒါရိုက်တာဆိုသူတို့အပြင် လာရောက် မူးယစ်ဆေးသုံးစွဲနေသည်ဟု ယူဆရသည့် မြန်မာအမျိုးသားတစ်ဦး၊ အမျိုးသမီး ခြောက်ဦးတို့အား အဆိုပါနေအိမ်၌ တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အဆိုပါ နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀ ပြား၊ အိုက်စ်ဟု ယူဆရသည့် မူးယစ်ဆေးဝါး ၂၆၅ ဂရမ်၊ ဘိန်းဆီခဲ သုံးခဲ၊ ဆေးခြောက်ဟု ယူဆရသည့် အရိုးအရွက်ခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူဟု ယူဆရသည့် ဆေးဝါး ၀ ဒသမ ၂ ဂရမ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သူတို့ကို မူးယစ်ဆေးဝါး သတင်းရတာ သုံးပတ်လောက်ရှိပြီ။ ဇွန် ၆ ရက် ညပိုင်းက ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်နဲ့ ဝင်ရောက်ဖမ်းဆီးတာပါ။ သူတို့က အဲဒီအိမ်မှာ ငှားနေတာ ခြောက်လလောက်ရှိပြီ။ ဗီဇာသက်တမ်းက ဒီလ ၂၆ ရက်အထိပါ” ဟု သာသနာ့ရိပ်သာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သည့် သြစတြေးလျနိုင်ငံသား ရော့စ်စတာလင်ဒန်ကလေမှာ ယခင်က Myanmar Times တွင် အယ်ဒီတာချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

“သူတို့နှစ်ယောက်က စီးပွားရေးဗီဇာနဲ့ လာနေတာပါ။ နိုင်ငံခြားသားနှစ်ယောက်က အဲဒီအိမ်မှာ အတူတူနေကြတာ။ ပြီးတော့ ဖမ်းမိတဲ့ မြန်မာလူမျိုးတွေက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က အဲဒီအိမ်မှာ အိမ်အကူလာလုပ်တာ။ ကျန်တဲ့သူတွေက ရန်ကုန်ထဲမှာပဲ နေထိုင်ကြတာ။ သူတို့ ကိုးဦးလုံးကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent