ကဆုန်းဒေသ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ကဆုန်းဒေသ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 22 August 2017

ကဆုန်းဒေသ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကချင်ပြည်နယ်အစိုးရ ကူညီမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်မှ သြဂုတ် ၂၁ ရက်က ပြောကြားသည်။

ကဆုန်းဒေသ စစ်ဘေးဒုက္ခသည်များကို သြဂုတ် ၂၂ ရက် (ယနေ့တွင်) နေရပ်ပြန်ရန် ပြင်ဆင်နေပြီး ယင်းဒေသသို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကားအကြီးများ၊ ကားငယ်များမှာ လမ်းပိုင်း အဆင်မပြေသဖြင့် ကားအလတ်စားများဖြင့် ပို့ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကဆုန်းဒေသ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က သြဂုတ် ၂၀ ရက်တွင် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နေရပ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဒေသခံများက စစ်ရေးအရ တင်းမာမှုများ ထပ်မံပေါ်ပေါက်မည်ကို စိုးရိမ်နေပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်က နှစ်ဖက်တပ်များ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ လိုက်နာစေလိုကြောင်းမေတ္တာရပ်ခံ ပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က “နေရပ်ဒေသကို ပြန်မယ်ဆိုရင် နေအိမ်အဝန်းအဝိုင်းအထိ ပို့ပေးဖို့ပြောထားတာ ရှိပါတယ်။ ငြိမ်းချမ်းရေးအကျိုးအဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။ ပြည်နယ် အစိုးရကတော့ နေရပ်ပြန်မယ်ဆိုရင် ပြန်ပို့ဖို့ ကတိပေးထားပါတယ်။ အခုထက်ထိတော့ စာမတင်လာသေးဘူး။ ဒီလိုတွေ ထပ်မဖြစ်အောင်တော့ ငြိမ်းချမ်းရေးရမှသာ ဖြစ်မှာပါ။ ငြိမ်းချမ်းရေးရဖို့ အများပြည်သူလူထုနဲ့ အစိုးရအဖွဲ့တွေ အားလုံး ပါဝင်ပူးပေါင်းမှသာလျှင် အချိန်တိုအတွင်း မြန်မြန်ရနိုင်မှာပေါ့။ ငြိမ်းချမ်းရေးက ပြည်နယ်အတွက် အရေးအကြီးဆုံးပါပဲ။ အန်ကယ်တို့ကတော့ နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်စေချင်တာပါပဲ။ တိုက်လို့ ခိုက်လို့တော့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ အန်ကယ် မှတ်မိကတည်းက ၁၉၄၉ ကတည်းက တိုက်နေကြတာ။ ဖြေရှင်းလို့မရဘူး။ ငြိမ်းချမ်းရေးလမ်းစဉ်ကိုပဲ သွားကြပါလို့ နှစ်ဖက်အဖွဲ့အစည်းကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ကဆုန်းဒေသရဲ့ ပညာရေးကဏ္ဍကို ဘယ်လိုပံပိုးရမယ် ဆိုတာကိုလည်း သက်ဆိုင်ရာဝန်ကြီးတွေကို မှာကြားထားပါပြီ” ဟု ပြောကြားသည်။

ကဆုန်း စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ခွန်ဂျာက “ မနက်ဖြန်ပြန်ဖို့ သေချာသွားပါပြီ။ အစိုးရအဖွဲ့ကိုလည်း စာတင်ထားပါပြီ။ တုန်ဖုန်းကား အစီး ၆၀/၇၀ လောက် စုထားပါပြီ။ လိုအပ်ချက်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကူညီပံ့ပိုးပြီး အားလုံး ဝိုင်းဝန်း ဆောင်ရွက်နေကြပါတယ်။ စစ်ရှောင်တွေထဲမှာ မိမိအိုးအိမ်တွေဆီ ပထမဆုံး နေရပ်ပြန်နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ တကယ်လို့များ တစ်လနီးပါး ကြာသွားရင် စိုက်ပျိုးထားတာတွေ၊ မွေးမြူထားတာတွေ ပျက်စီးကုန်ရင် ဒေသခံတွေရဲ့ အခြေအနေက ဆိုးသွားနိုင်ပါတယ်။ အခုနေတော့ နေရပ်ပြန်ဖို့ ဘာအခက်အခဲမှ မရှိတော့ပါဘူး” ဟု ပြောကြားသည်။

သြဂုတ် ၁၆ ရက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အစိုးရအဖွဲ့ဝင်များက ကဆုန်းစစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံကာ အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆွေးနွေးခဲ့သည်။ ကဆုန်းဒေသမှ စစ်ဘေးဒုက္ခသည်များသည် သြဂုတ် ၁၁ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများကြောင့် နမ္မတီးမြို့၊ လမ်းခွကျေးရွာနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတွင် ၅၉၃ ဦး၊ ရိုမန်ကစ်သလစ် ဘုရားကျောင်း တွင် ၅၅၂ ဦး ရှိနေပြီး စုစုပေါင်း ၁၀၄၇ ဦးရှိကြောင်း၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၂၅ ဦးပါဝင်ကြောင်း သိရသည်။

ကဆုန်း စစ်ဘေးဒုက္ခသည်များကို ကူညီရန် ဖားကန့်မှလာသည့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ပါဂျဲရို ရှစ်စီးအနက် လေးစီးနှင့် လူလေးဦးကို သြဂုတ် ၁၇ ရက် မနက်ပိုင်းတွင် ကာမိုင်း-လဝါးစုပေါင်းဂိတ်တွင် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

Most Read

Most Recent